ဖေဖော်ဝါရီ၊ ၂၅
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ လယ်ယာမြေ၊ ဥယျာဥ်ခြံမြေ၊ စားကျက်မြေနဲ့ မြေလွတ်မြေရိုင်းတွေကို အကွက်ရိုက် ရောင်းချတာတွေ အရေးယူတော့မယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဖေဖော်ဝါရီ ၂၄ ရက်က ထုတ်ပြန်သတိပေးထားပါတယ်။
“မြေဖို့တာနဲ့ ကွက်ရိုက်တာ တောက်လျှောက်ဖြစ်နေတာ၊ ရောင်းသူနဲ့ ဝယ်သူကြားမှာလည်း ပြဿနာတွေ တက်နေကြတာပဲ၊ မြေကိစ္စက ကျနော်တို့ ဖြေရှင်းရတာလည်း ပင်ပန်းတယ်၊ ဒါကြောင့် တားထားတာ” လို့ လောင်းလုံး ပကဖ ပြန်ကြားရေးတာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လောင်းလုံးမြို့နယ်ထဲမှာ အခုလို လယ်ယာမြေတွေ၊ ဥယျာဥ်ခြံမြေတွေကို မြေဖို့ အကွက်ရိုက် ရောင်းချတာတွေ ပိုများလာပြီး ပုံမှန်မြေကွက်တွေထက် စျေးသက်သာတာကြောင့် ဝယ်ယူသူတွေလည်း များပြားနေပါတယ်။
အများအားဖြင့် ငွေကြေးတက်နိုင်သူတွေနဲ့ လယ်ယာ၊ ဥယျာဥ်ခြံပိုင်ရှင်တွေ ပေါင်းကာ အကွက်ရိုက် ရောင်းချပြီး ငွေကြေး သိပ်အဆင်မပြေကြတဲ့ ဒေသခံတွေက ဝယ်ယူနေကြတာဖြစ်ပါတယ်။
“တားမှပဲ၊ မတားလို့ရှိရင် လယ်မြေတွေရော၊ ဥယျာဥ်ခြံတွေရော ကုန်တော့မှာ၊ ပြဿနာတက်ရင် ရောင်းထားတဲ့လူတွေက ပိုက်ဆံထုပ်နဲ့ပြေး၊ ရှိစုမဲ့စုနဲ့ ဝယ်ထားတဲ့လူတွေက ခံရမှာ” လို့ လောင်းလုံး ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
လောင်းလုံး ပကဖ ကတော့ အရင်နှစ်တွေကတည်းက အခုလို မြေဖို့အကွက်ရိုက် ရောင်းချနေတာတွေကို ဆက်မလုပ်ဖို့ သတိပေးထုတ်ပြန်ဖူးတဲ့အပြင် မြေဖို့နေတဲ့အချိန် သွားရောက်တားဆီးတာတွေလည်း လုပ်ခဲ့ဖူးပါတယ်။
ဒါ့ပေမယ့် အခုချိန်အထိ အဲလို အကွက်ရိုက်ရောင်းချနေတာတွေ ဆက်လုပ်နေသေးတာကြောင့် အရေးယူဖို့ သတိပေးရတယ်လို့ ပကဖ ဘက်က ပြောပါတယ်။
“အရေးယူဖို့ကတော့ အဆင့်ဆင့် လုပ်သွားဖို့ရှိပါတယ်၊ ကျနော်တို့ တိုက်ရိုက်အရေးယူတာမျိုးမဟုတ်ဘဲ ပအဖ လမ်းညွှန်ချက်နဲ့ သွားမှာပါ” လို့ ပကဖ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတဦးကတော့ လက်ရှိ မြေယာကိစ္စတွေနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်တာတွေလုပ်ဖို့ ပကဖ နဲ့ အသေးစိတ်ဆွေးနွေးတာတွေ အဆင့်ဆင့်လုပ်သွားမယ်လို့ ပြောပါတယ်။
“အရေးယူတယ်ဆိုရင်လည်း နည်းလမ်းကျကျလေး သွားစေချင်တယ်၊ အရင်ကလို ရမ်းလုပ်တာမျိုး မဟုတ်ဘဲနဲ့လေ၊ ပအဖမှာလည်း မှုခင်းစစ်အဖွဲ့တွေ ရှိနေပြီဆိုတော့ အဆင်ပြေမယ်ထင်တယ်” လို့လည်း အထက်ပါ ဒေသခံအမျိုးသမီးက ပြောပါတယ်။
လောင်းလုံး ပအဖ ကတော့ လယ်ယာမြေတွေကို မြေဖို့တာ၊ တခြားနည်းနဲ့ အသုံးပြုတာတွေဟာ တရားဝင်မှုမရှိတဲ့အပြင် တည်ဆဲဥပဒေအရလည်း ပြစ်မှုမြောက်တဲ့အတွက် ဝယ်ယူထားတဲ့ မြေတွေလည်း ပြန်သိမ်းခံရနိုင်တာကြောင့် အဲဒီလို မြေကွက်ရိုက်ရောင်းချနေတာတွေကို မဝယ်ကြဖို့ အရင်နှစ် ဇန်နဝါရီလကတည်းက ထုတ်ပြန်အသိပေးထားပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်မှာပြဋ္ဌာန်းပြီး ဒီချုပ်အစိုးရလက်ထက် ၂၀၂၀ ခုနှစ်မှာ ပုဒ်မတချို့ကို ပြန်လည်ပြင်ဆင်ထားတဲ့ လယ်ယာမြေဥပဒေ အခန်း (၄)၊ ပုဒ်မ ၁၂(စ)မှာတော့ လယ်ယာမြေကို ခွင့်ပြုမိန့်မရဘဲ တခြားနည်းနဲ့ မသုံးစွဲရဘူးလို့ ပါရှိပါတယ်။
အဲဒီ ပြဋ္ဌာန်းချက်ကို မလိုက်နာပါက ဒဏ်ကြေးငွေ ပေးဆောင်စေတာ၊ သတ်မှတ် နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေတာ၊ လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံများကို ဖယ်ရှားတာတွေကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က ဆောင်ရွက်နိုင်ပါတယ်။
“မြေကွက်ရိုက်တာတွေ လုပ်ချင်ကြတယ်ဆိုရင်လည်း အေးဆေးဖြစ်မှပဲ ဥပဒေအတိုင်း အဆင့်ဆင့်လုပ်ကြစေချင်တယ်” လို့လည်း လောင်းလုံး ပကဖ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
လောင်းလုံးမြို့နယ်ထဲမှာလိုပဲ ထားဝယ်မြို့ပေါ်မှာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ ဌာနဆိုင်ရာတွေရဲ့ ခွင့်ပြုချက်နဲ့ လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းချတာတွေ ပိုများလာနေပြီး ဝယ်ယူသူတွေလည်း များပြားနေပါတယ်။
တနင်္သာရီတိုင်းထဲမှာ စစ်တပ်အသွင်ပြောင်းနဲ့ အရပ်သားအစိုးရ လက်ထက်တွေဖြစ်တဲ့ ၂၀၁၀ နဲ့ ၂၀၂၀ ခုနှစ်ကြား အခုလို မြေကွက်ရိုက် ရောင်းချတာတွေကြောင့် ပြဿနာတွေ မကြာခဏရှိခဲ့ပြီး အစိုးရတာဝန်ရှိသူတွေကလည်း ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်တာ၊ တားမြစ်နိုင်တာတွေ မရှိခဲ့ပါဘူး။
ဓာတ်ပုံ – လောင်းလုံးပကဖ
ပုံစာ – မြေကွက်ရိုက် ရောင်းတာတွေ ဆက်မလုပ်ဖို့ သတိပေးကြေညာချက် လိုက်ကပ်နေစဥ်