ဖေဖော်ဝါရီ ၊ ၂၄
အွန်လိုင်းငွေချေး အဖွဲ့အစည်းအဖြစ်နာမည်ခံပြီး လိမ်လည်ခြိမ်းခြောက်ငွေညှစ်မှုတွေလုပ်နေတဲ့ ဂိုဏ်းတခုကို ဖမ်းမိပေမယ့် အဲ့ဒီအဖွဲ့ကို ဦးဆောင်တဲ့ တရုတ်နိုင်ငံသားကတော့ ပြည်ပကိုတိမ်းရှောင်သွားတာကြောင့် လွတ် မြောက်နေတယ်လို့ စစ်ကောင်စီကထုတ်ပြန်ပြောဆိုပါတယ်။
“ဦးဆောင်သူကတော့ တရုတ်နိုင်ငံသား မစ္စတာ ယူလင်ဖန်းဖြစ်ပါတယ်၊ သူကတော့ အခုချိန်မှာ ကမ္ဘောဒီးယား ဘက်ကို ဇန်နဝါရီလကတည်းက ထွက်ပြေးတိမ်းရှောင်သွားတယ်ဆိုတာ သိရပါတယ်” လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့နိုင်ငံပိုင်မီဒီယာတွေကနေပြောပါတယ်။
အဲဒီဂိုဏ်းဟာ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းရှိ MMG Tower (၆)လွှာ၊ အခန်းနံပါတ် (၆၀၄)မှာ ရုံးခန်းဖွင့်လှစ်ထားပြီး Mashala Tech Co.,Ltd အမည်နဲ့ စစ်ကောင်စီ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြား မှူး ဦးစီးဌာန(DICA)ရဲ့ ကုမ္ပဏီမှတ်ပုံတင် လက်မှတ်လည်း ရရှိထားတယ်လို့ သိရပါတယ်။
အဖွဲ့ဝင် ကိုးဆယ်ကျော်နဲ့ လည်ပတ်နေတဲ့ အဲဒီဂိုဏ်းမှာပါဝင်လုပ်ကိုင်နေသူတွေကိုတော့ ဖေဖော်ဝါရီ ၁၅ ရက် ကတည်းက စတင်ဖော်ထုတ်ဖမ်းဆီးခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်အထိ ဖမ်းဆီးရမိသူ ၁၃ ဦးရှိပြီလို့လည်း စစ် ကောင်စီက ပြောပါတယ်။
လက်ရှိအဖမ်းခံထားရတဲ့သူတွေအားလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး သူတို့ကိုတော့ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်မယ်လို့လည်း စစ်ကောင်စီဘက်က ပြောပါတယ်။
အဲဒီလို ဂိုဏ်းတွေဟာ မိုဘိုင်းအက်ပလီကေးရှင်းတွေ(Mobile App) ဖန်တီးထားပြီး အဲဒီ အက်ပလီကေးရှင်း တွေကို ကိုယ့်ဖုန်းထဲသွင်းမိပြီးနောက် အလိုအလျောက် ညွှန်ကြားချက်တွေအတိုင်း လိုက်လုပ်မိပါက ဖုန်းထဲမှာ ရှိတဲ့ ဓာတ်ပုံ၊ ဖုန်းနံပါတ် စတဲ့ အချက်အလက်တွေကို ဂိုဏ်းအဖွဲ့ဝင်တွေက ရရှိသွားပါတယ်။
အဲဒီနောက် ကိုယ့်ဖုန်းထည့်ရှိ Wave Money၊ K Pay စတဲ့ ငွေကြေးဆိုင်ရာ အကောင့်တွေထဲကို ဂိုဏ်းအဖွဲ့ဝင် တွေက ငွေအတင်းလွှဲပြီးနောက် လွှဲထားတဲ့ ငွေပမာဏထက် ပိုပြီး ပြန်လည်တောင်းခံတာပါ။
သူတို့တောင်းတဲ့အတိုင်း ပိုက်ဆံ ပြန်မလွှဲမပေးရင်တော့ သူတို့ရရှိထားတဲ့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက် အ လက်တွေကို အသုံးချ ခြိမ်းခြောက်ငွေညှစ်တာဖြစ်ပြီး အဲဒီလို ငွေညှစ်ခံရသူ အများအပြား ရှိနေပါတယ်။
ဒီလိုဖြစ်စဉ်ကြုံတွေ့ခဲ့ရပြီး ငွေကြေးအပြင် စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေရှိကြောင်းကိုယ်တိုင် ကြုံ ရသူတချို့က လူမှုကွန်ရက်ပေါ်မှာ ထုတ်ဖော်ပြောဆိုထားတာတွေလည်းအများအပြားရှိနေပါတယ်။အဲ့ဒီလို ထုတ် ပြောကြသူတွေထဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်မိသားစုဝင်တချို့ပါ ပါဝင်တာကိုလည်းတွေ့ရပါတယ်။
စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၂၃ ရက်၊ မနေ့ကလည်း အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းကနေ ငွေကြေးလိမ် လည်မှုတွေ လုပ်နေတယ်ဆိုတဲ့အဖွဲ့ကို တာချီလိတ်မြို့မှာ ဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဖမ်းဆီးမှုမှာတော့ ထိုင်းနိုင်ငံသား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား တဦးနဲ့ မြန်မာ ၅၄၀ စုစုပေါင်း ၆၈၉ ဦးကို ဖမ်း မိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်အရ သိရပါတယ်။
တရုတ်-မြန်မာနယ်စပ်အပါအဝင် မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာ အခြေပြုတဲ့ အွန်လိုင်းလိမ်လည်မှု တွေအပါ အဝင် ကျားဖြန့်လုပ်ငန်းတွေကိုအရေးယူရှင်းလင်းဖို့ တရုတ်နိုင်ငံက ဖိအားတွေပေးခဲ့ပေမယ့် ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးရိုက်ခတ်မှုကြုံလာရချိန်မှာမှ စစ်ကောင်စီက အရေးယူမှုတွေ သိသိသာသာလုပ်ခဲ့ပါ တယ်။
ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကနေ လက်ရှိအချိန်အထိ စစ်ကောင်စီထုတ်ပြန်ချက်တွေအရ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသားထောင်ချီကို ဖမ်းဆီးပြီး တရုတ်အာဏာပိုင်တွေဆီလွှဲပေးခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမယ့် ရှမ်းမြောက်အခြေပြုတဲ့ ကျားဖြန့်လုပ်ငန်းတွေကိုစစ်ကောင်စီကရော ညီနောင်မဟာမိတ်တပ်တွေ အပါအဝင် တရုတ်-မြန်မာနယ်စပ်အခြေစိုက်တိုင်းရင်းသားလက်နက်ကိုင်တွေက အရေးယူဖမ်းဆီးမှုတွေရှိလာ တဲ့နောက် အဲ့ဒီလုပ်ငန်းတွေဟာ ထိုင်းမြန်မာနယ်စပ်ဘက်ကို ပိုမိုရွှေ့ပြောင်းအခြေချလာကြတယ်လို့ ဒီလုပ်ငန်း တွေနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက DNAကိုပြောထားပါတယ်။
photo စစ်ကောင်စီ