မဟာဗျူဟာ ဗုံးကြဲလေယာဉ်ရဲ့ တွဲဖက်လေယာဉ်မှူးအဖြစ် လိုက်ပါ စီးနင်းခဲ့တဲ့ ပူတင်

ဖေဖော်ဝါရီ ၊ ၂၄

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ မဟာဗျူဟာ နျူကလီးယား ဗုံးကြဲလေယာဉ်ကြီး တစီးပေါ်မှာ တွဲဖက် လေယာဉ်မှူးအဖြစ် စီးနင်းလိုက်ပါခဲ့တယ်လို့ သိရပါတယ်။

 အရင်ကတည်းက ကိုယ့်ကိုယ်ကိုယ် သန်မာသူ တဦးအဖြစ် လူမြင်ကွင်းမှာ ပုံပေါ်ပြတဲ့ စတန့်တွေနဲ့ နီးစပ်ခဲ့တဲ့ ပူတင်ဟာ Tu-160M စူပါဆောနစ် ဗုံးကြဲ လေယာဉ်ကြီးပေါ်မှာ မိနစ် ၃၀ ကြာအောင် တွဲဖက် လေယာဉ်မှူး နေရာကနေ လိုက်ပါခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး အနောက် မဟာမိတ် နိုင်ငံတွေအပေါ် သွယ်ဝိုက် အင်အားပြလိုက်တာ ဖြစ်သလို လာမယ့်လ ရွေးကောက်ပွဲ မတိုင်ခင် သူ့ကို ထောက်ခံသူတွေကြားမှာ ပုံရိပ် မြှင့်တင်တဲ့ လုပ်ရပ် တခုလို့လည်း ယူဆနိုင်ပါတယ်။

 အသက် ၇၁ နှစ်အရွယ် ပူတင်ဟာ လာမယ့် ရွေးကောက်ပွဲမှာ ပါတီအမှီအခို မရှိတဲ့ တသီးပုဂ္ဂလ အနေနဲ့ ရွေးကောက်ပွဲ ဝင်မှာ ဖြစ်ပါတယ်။ သူဟာ ၂၄ နှစ်လောက်ကြာအောင် ရုရှားရဲ့ အာဏာစက်ကို ထိန်းချုပ်ထားပြီး စိတ်တိုင်းကျ ပုံဖော် တည်ဆောက်ယူခဲ့တဲ့ နိုင်ငံရေး စနစ်အရ ရွေးကောက်ပွဲမှာ ပြိုင်ဘက်မရှိ အနိုင်ရမယ့် အလားအလာ တွေ့နေရပါတယ်။

 မကြာသေးခင်က ရုရှား အတိုက်အခံခေါင်းဆောင် အလက်ဆီ နက်ဗယ်လ်နီ အကျဉ်းထောင်ထဲမှာ ရုတ်တရက် သေဆုံးသွားခြင်းကလည်း ပူတင်နဲ့ ရုရှား နိုင်ငံရေး ခေါင်းဆောင်တွေက အတိုက်အခံတွေကို အပြင်းအထန် နည်းလမ်းပေါင်းစုံနဲ့ ဖြိုခွင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပိုမို အားကောင်းလာစေပါတယ်။

 ပူတင် လိုက်ပါစီးနင်းခဲ့တဲ့ Tu-160Mတွေကို ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက ဆိုဗီယက် ပြည်ထောင်စုခေတ်မှာ စတင် ထုတ်လုပ် တည်ဆောက်ခဲ့ပြီး NATO စစ်မဟာမိတ် နိုင်ငံတွေက Blackjackလို့ နာမည်ပေးထားပါတယ်။ အဲဒီ လေယာဉ်တွေဟာ နျူကလီးယား လက်နက်တွေကို တပ်ဆင်နိုင်အောင် တည်ဆောက်ထားပါတယ်။

 ပူတင်ဟာ သမ္မတနဲ့ ဝန်ကြီးချုပ် တာဝန်တွေကို အလှည့်ကျ ထမ်းဆောင်ခဲ့တဲ့ ကာလတွေအတွင်း စစ်လေယာဉ်တွေရဲ့ ထိန်းချုပ် မောင်းနှင်ခန်းကို လိုက်ပါတာ အနည်းဆုံး ၃ ကြိမ် ရှိခဲ့ပြီးပါပြီ။ သူဟာ ၂၀၀၀ ပြည့်နှစ်တုန်းက Su-27 တိုက်လေယာဉ် တစီးရဲ့ တွဲဖက် လေယာဉ်မှူးအဖြစ် လိုက်ပါဖူးပြီး ၂၀၀၅ ခုနှစ်မှာလည်း တခြား Tu-160တစီးကို စစ်ရေးလေ့ကျင့်မှု အစီအစဉ်မှာ လိုက်ပါ စီးနင်းခဲ့တာ ဖြစ်ပါတယ်။

Ref: AFP