မြန်မာစစ်တပ်အတွက် လေယာဥ်ဆီတင်ပို့မှုမှာ ပါဝင်နေတာကို ရပ်တန့်ဖို့ ညွှန်ကြားခံထားရတဲ့ ဗြိတိန်ကုမ္ပဏီငါးခုဆက် လက်လုပ်ကိုင်နေ

ဖေဖော်ဝါရီ၊ ၂၃
 
မြန်မာစစ်တပ်အတွက် လေယာဉ်ဆီတင်ပို့ရေး လုပ်ငန်းတွေမှာ ပါဝင်နေတာကို ရပ်တန့်ဖို့ ဗြိတိန်အစိုးရက ညွှန်ကြားထားပေမယ့် အဲဒီနိုင်ငံအခြေစိုက် ကုမ္ပဏီငါးခုဟာ မူလအတိုင်း ဆက်လက်ပတ်သက်လုပ်ကိုင်နေတုန်းပဲလို့ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတွေနဲ့ လေယာဉ်ဆီဝယ်ယူရေး ကိစ္စတွေကို စောင့်ကြည့်နေတဲ့ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (BMC)က ထုတ်ပြန်ပါတယ်။
 
မြန်မာစစ်တပ်အတွက် လေယာဥ်ဆီ သယ်ယူပေးနေတဲ့ သင်္ဘောတွေကို Protection and Indemnity (P&I)လို့ ခေါ်တဲ့ ရေကြောင်းအာမခံ ဆောင်ရွက်ပေးနေတဲ့ UK P&I၊ Steamship Mutual၊ Britannia P&I၊ North Standard နဲ့ Shipowners’ Club ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံအတွက် လေယာဉ်ဆီတင်ပို့ရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ဆက်ပြီးပါဝင်နေတယ်လို့ ဆိုပါတယ်။
 
အဲဒီ ကုမ္ပဏီငါးခုကို မြန်မာနိုင်ငံအတွက် တင်သွင်းတဲ့ လေယာဥ်ဆီ သယ်ယူရေးလုပ်ငန်းတွေမှာ ပါဝင်နေတာ ရှောင်ရှားဖို့ ဗြိတိန်အစိုးရက ညွှန်ကြားထားခဲ့ပေမယ့် လက်ရှိအချိန်အထိ မလိုက်နာသေးတဲ့သဘော ဖြစ်ပါတယ်။
 
“အာမခံမရှိဘဲနဲ့ လေယာဉ်ဆီတင်ပို့လို့ မရပါဘူး” လို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (BMC)ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
 
P&I အာမခံဆိုတာကတော့ ပင်လယ်ရေကြောင်း ခရီးသွားလာရာမှာ အလုပ်သမားတွေ အသက်ဆုံးရှုံးတာ၊ ကုန်ပစ္စည်းတွေ ဆုံးရှုံးတာ၊ သင်္ဘောတိုက်မိတာ စတဲ့ မတော်တဆမှုတွေအတွက် လျော်ကြေးပြန်ရအောင် ဝယ်ယူရတဲ့ အာမခံအမျိုးအစားတခု ဖြစ်ပါတယ်။
 
သင်္ဘောကုမ္ပဏီတွေအနေနဲ့ အဲဒီ P&I အာမခံမရှိဘဲ လေယာဥ်ဆီ သယ်ယူရေးအပါအဝင် ပင်လယ်ရေကြောင်းခရီး သွားလာတာ၊ နိုင်ငံတကာရေပိုင်နက်အတွင်း ဖြတ်သန်းတာ၊ နိုင်ငံတကာရှိ ဆိပ်ကမ်းတွေမှာ ကမ်းကပ်တာ စတာတွေ လုပ်ခွင့်မရှိဘူးလို့ သိရပါတယ်။
 
အလားတူပဲ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မေလတုန်းကလည်း လေယာဥ်ဆီ သယ်ယူပေးရေး လုပ်ငန်းတွေမှာ ပါဝင်နေတာကို ရပ်တန့်ဖို့ တောင်းဆိုတာကို မလိုက်လျောလို့ အဲဒီကုမ္ပဏီ ငါးခုကို မြန်မာ့အရေး လှုပ်ရှားတဲ့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က အမည်ပျက်စာရင်း ထည့်သွင်းကြောင်း ကြေညာခဲ့ပါသေးတယ်။
 
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတဝှမ်း တိုက်ပွဲတွေမှာ ခြေလျင်တပ်တွေ ကျဆုံးထိခိုက်မှုများလာလို့ လေကြောင်းတိုက်ခိုက်မှုတွေကိုသာ အဓိက အားကိုးလာနေရပြီး စာသင်ကျောင်းတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ ဘာသာရေးအဆောက်အအုံတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုတိုးလုပ်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောထားကြပါတယ်။
 
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ သုံးနှစ်လောက်အတွင်း နိုင်ငံတဝှမ်း စစ်ကောင်စီရဲ့ လေကြောင်းသုံး တိုက်ခိုက်မှု ၁,၆၅၂ ကြိမ်ရှိခဲ့ပြီး အရပ်သား ၉၃၆ ဦးသေဆုံး ကာ ၈၇၈ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
 
ဗြိတိန်အစိုးရကတော့ မြန်မာစစ်တပ်အတွက် လေယာဥ်ဆီ တင်ပို့ပေးနေတဲ့ လုပ်ငန်းတွေမှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံသား လုပ်ငန်းရှင်တွေကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ မကြာခဏ လုပ်နေသလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကလည်း မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်လို့ဆိုကာ စစ်ကောင်စီ ခြေမြန်တပ်မ နှစ်ခု၊ သတ္တုလုပ်ငန်း နှစ်ခုကို ပိတ်ဆို့အရေးယူခဲ့ပါသေးတယ်။
 
ဒါပေမယ့် စစ်ကောင်စီ လေယာဥ်ဆီရရှိရေးအတွက် အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ ဗြိတိန်အခြေစိုက် အဲဒီ ကုမ္ပဏီ ငါးခုကို ထိထိရောက်ရောက် အရေးယူဖို့တော့ ဗြိတိန်အစိုးရက ပျက်ကွက်နေတုန်းပဲလို့ မြန်မာအရေးလှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။
 
ဓာတ်ပုံ – Blood Money – သွေးစွန်းငွေ