ဝေါမြို့မှာ စစ်တပ်က ဖမ်းဆီးထားသူအများစု ပြန်လွှတ်ပေး၊ နောက်ထပ်ဆယ်ဦး ထပ်မံဖမ်းဆီး

ဖေဖော်ဝါရီ၊ ၂၃
 
ပဲခူးတိုင်း၊ ဝေါမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတွေမှာ စစ်တပ်က ဖမ်းဆီးထားတဲ့ အရပ်သား ၂၄ ဦးအနက် ၁၇ ဦးကို ပြန်လွှတ်ပေးပြီး ကျန်တဲ့သူတွေကို အမှုဖွင့်ထားကာ နောက်ထပ် ဆယ်ဦးကို ထပ်မံဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံထားရတဲ့သူတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
 
“ပြန်လွှတ်တဲ့ရက်က မတူဘူးပေါ့နော်၊ လွတ်သွားတာက အရပ်သားတွေ အများစုပါတာပေါ့၊ တချို့ဆို ရိုက်နှိက်ခံထားရတာရှိတယ်” လို့ ပြန်လွတ်မြောက်လာတဲ့သူနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
 
ဝေါမြို့နယ် အရှေ့ဘက်ခြမ်း ပုဂံရွာက ကိုးဦး၊ အောက်ကွေ့ကြီးကျေးရွာက အမျိုးသမီးနှစ်ဦး၊ မြကုန်းရွာက အမျိုးသမီးနှစ်ဦး၊ ဆပ်သွားချုံကျေးရွာက အမျိုးသားနှစ်ဦး၊ အုပ်ဖိုကျေးရွာက အမျိုးသားသုံးဦး၊ အမျိုးသမီး နှစ်ဦး၊ သံခွန်ကျေးရွာက အမျိုးသမီးတဦး၊ ဝေါမြို့ပေါ်က အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတဦး စုစုပေါင်းနှစ်ဆယ့်လေးဦးကို ဒီလ ၁၃ ရက်မတိုင်ခင်မှာ စစ်တပ်က နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
 
အဲဒီနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့သူတွေထဲက ၁၇ ဦး စစ်တပ်က ပြန်လည်လွှတ်ပေးပြီး ပုဂံကျေးရွာက အမျိုးသားတဦး၊ အမျိုးသမီးနှစ်ဦး၊ မြကုန်းကျေးရွာက အမျိုးသမီးတဦး၊ အုပ်ဖိုရွာက အမျိုးသားတဦး အပါအဝင် စုစုပေါင်း ခုနှစ်ဦးကို ပြန်လွှတ်ပေးခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
 
“ပိုက်ဆံပေးရတာ ရှိတာပေါ့၊ အမျိုးမျိုးငွေညှစ်တယ်၊ ပိုက်ဆံမပေးနိုင်ရင် ထောင်ချပစ်မယ်၊ ပစ်သတ်မယ်၊ တချို့ကျတော့ ကြောက်တော့ တောင်းသလောက်ပေးရတာပေါ့” လို့ ပြန်လွတ်မြောက်လာတဲ့သူနဲ့ နီးစပ်သူက ပြောပါတယ်။
 
အခုလို ပြန်လည်လွတ်မြောက်လာဖို့ လူတဦးကို ငွေကျပ်ဘယ်လောက် ပေးဆောင်ရသလဲဆိုတာ ပြောပြရင် ထပ်မံဖမ်းဆီးမယ်လို့ စစ်တပ်က ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။
 
စစ်တပ်က ပြန်မလွှတ်ပေးတဲ့သူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းတွေ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ တက်ကြွလှုပ်ရှားသူတွေအပါအဝင် သာမန်အရပ်သားလည်း ပါဝင်ကြတယ်လို့ ဆိုပါတယ်။
 
လက်ရှိ သူတို့အားလုံးကို နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ ပုဒ်မတွေနဲ့ စစ်တပ်က အမှုဖွင့်အရေးယူသွားဖို့ စီစဉ်ထားတယ်လို့ ဝေါမြို့နယ်လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။
 
“သူတို့ အမှုဖွင့်ဖို့လုပ်နေတဲ့ထဲမှာ အရင်တုန်းက ပတ်သက်ခဲ့တာ ရှိတယ်၊ ဆွေမျိုးတွေလည်း ဟုတ်တယ်၊ ပြီးတော့ အမတို့အဖေပိုင်တဲ့ လယ်မှာ လုပ်နေတဲ့ အလုပ်သမားရော ဖမ်းထားတာ၊ အခု သူတို့ကို ပြန်မလွတ်ဘဲ အမှုဖွင့်ဖို့ လုပ်နေတာသေချာတယ်” လို့ သူက ပြောပါတယ်။
 
စစ်တပ်က အမှုဖွင့်ဖို့ စီစဉ်ထားတဲ့သူတွေဟာ အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်မှု မရှိသလို တော်လှန်ရေးအစုအဖွဲ့တွေနဲ့လည်း ပတ်သက်မှုမရှိတဲ့ သာမန်အရပ်သားတွေ ဖြစ်ပေမယ့် ဒီချုပ်ပါတီကို အညှိုးထားပြီး မဆိုင်တဲ့သူတွေကို မတရားဖမ်းဆီးထောင်ချနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
စစ်တပ်က ပြန်မလွှတ်ပေးတဲ့ ခုနှစ်ဦးအနက် ဆပ်သွားချုံကျေးရွာမှ အမျိုးသားနှစ်ဦးဟာ အခုရက်ပိုင်းထဲမှာ ပြန်လည်လွတ်မြောက်လာပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် နေအိမ်တော့ ရောက်ရှိလာခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
 
ဒါ့အပြင် ဝေါမြို့နယ် သူရဲသမိန်ကျေးရွာမှ အမျိုးသားအမျိုးသမီး ဆယ်ဦးခန့်ကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့လတွေထဲ သူရဲသမိန်ကျေးရွာမှ စစ်တပ်ထောက်ခံသူတဦး လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်မှုရှိတဲ့ စွပ်စွဲချက်နဲ့ အခုလို ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
“ဖမ်းသွားတာပဲ သိတာ၊ လွန်ခဲ့တဲ့ တပတ်မတိုင်ခင်လောက်ကလား မသိဘူး၊ အဲဒီလောက်ပဲ၊ ရွာထဲမှာ ပြောနေတာတော့ ပြန်မလွတ်သေးဘူး” လို့ အောက်ကွေ့ကြီးကျေးရွာခံတဦးက ပြောပါတယ်။
 
လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာတွေဘက်ကို မကြာခဏ ဝင်ရောက်လာလေ့ရှိပြီး ကြုံရင်ကြုံသလို ဒေသခံအရပ်သားတွေကို ဖမ်းဆီး ငွေကြေးတောင်းခံပြီး ပြန်လွှတ်ပေးတာ ရှိနေသလို တချို့ကျတော့ စစ်ကြောရေးစခန်းကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ နိုင်ငံတဝှမ်း ဖမ်းဆီးခံထားရသူ ၂၆,၁၈၀ ဦးရှိပြီး အဲဒီထဲက ၂၀,၁၇၅ ဦးက ထိန်းသိမ်းခံရဆဲဖြစ်ကာ ၈,၈၀၄ ဦးက ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
 
ဓာတ်ပုံ – AFP (ပုံဟောင်း)