ပြည်ပအလုပ်အကိုင် သက်သေခံကတ်ရဖို့ ကိုယ်ရေးအချက်အလက်(E-ID)ပါ ပေးနေရ

ဖေဖော်ဝါရီ၊ ၂၃
 
ပြည်ပအလုပ်အကိုင်သက်သေခံကတ် (OWIC)ပြု လုပ်ရာမှာ ပတ်စ်ပို့ပါ အချက်အလက်နဲ့ လဝကရှိ ကိုယ်ရေးအချက်အလက် (E-ID)ကို တိုက်ဆိုင်စစ်ဆေးနေတာကြောင့် အချက်အလက် လွဲမှားနေသူတွေ အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။
 
အရင်က OWIC ပြုလုပ်ရာမှာ အလုပ်ခေါ်စာ၊ ပတ်စ်ပို့ နဲ့ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ လောက်သာ လိုအပ်ပြီး အခုအခါမှာတော့ လဝက ရုံးရှိ သက်ဆိုင်ရာအလုပ်သမားရဲ့ အချက်အလက်တွေကို ကွန်ပျူတာထဲ ထည့်ထားတဲ့ ကိုယ်ရေးအချက်အလက် (E-ID)စလစ်စာရွက်ကို ထပ်မံတောင်းယူနေတာလို့ ဆိုပါတယ်။
 
“အချက်အလက်မှန်တဲ့သူကတော့ ပြဿနာသိပ်မရှိဘူး၊ အလုပ်ပိုသွားတာလောက်ပဲ၊ ပတ်စ်ပို့လုပ်တုန်းက အချက်အလက်ပြင်ဆင်ထားတဲ့ သူတွေအတွက်တော့ ပြဿနာရှိတယ်၊ အချက်အလက်မတူရင် OWIC မထုတ်ပေးဘူး” လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ကိုယ်စားလှယ်တဦးက ပြောပါတယ်။
 
ပြည်ပသွားရောက်အလုပ်လုပ်ဖို့အတွက် ပတ်စ်ပို့ပြုလုပ်ရာမှာ အသက်ပြင်ဆင်ထားသူတွေ၊ အရင်အစိုးရဝန်ထမ်းလုပ်ခဲ့ဖူးသူတွေအနေနဲ့ အလုပ်အကိုင်ပြင်ဆင်ထားတာတွေ ရှိတတ်ပြီး အဲဒီလိုပြုလုပ်ထားသူတွေအနေနဲ့ အခုလို တိုက်ဆိုင်စစ်ဆေးရာမှာ အခက်တွေ့လာကြတာလို့ ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။
 
“ကိုယ်တွေလည်း အချက်အလက်ပြင်ပြီး ပတ်စ်ပို့လုပ်ထားတာ၊ အခု မြန်မာနိုင်ငံကို ခွင့်နဲ့ပြန်မလို့ လုပ်နေတာ ပြန်ထွက်လို့ OWIC လုပ်ရင် အခက်တွေ့မှာစိုးလို့ပြန်မယ့်အစီစဥ်တောင် ရပ်ထားရတယ်” လို့ စင်္ကာပူရောက် မြန်မာလုပ်သားတဦးက ပြောပါတယ်။
 
အခုလို ကြပ်မတ်လိုက်တာဟာ CDM ဝန်ထမ်းတွေ ပြည်ပထွက်မရအောင် ထိန်းချုပ်လိုက်တဲ့သဘော ဖြစ်တယ်လို့ နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုပေးနေသူတဦးက ဆိုပါတယ်။
 
“အခုက လဝကရုံး ကွန်ပျူတာထဲမှာ လူတဦးချင်းစီရဲ့အချက်အလက်တွေ ထည့်ထားတယ်။ ကြားထဲမှာ နားလည်မူနဲ့ ပြင်ဆင်ထားတာ အကျုံးမဝင်ဘူး။ အခုက အဲဒီကွန်ပျူတာထဲ ထည့်ထားတဲ့ အချက်အလက်စာရင်းနဲ့ တိုက်စစ်နေတာ” လို့ ပြောပါတယ်။
 
အဲဒီ E-ID စလစ်စာရွက်ရဖို့ သက်ဆိုင်ရာ လဝက ရုံးတွေမှာ ပိုက်ဆံပေးပြီး ထုတ်ရတာကြောင့် အလုပ်သမားတွေအတွက် ငွေအပိုကုန်ကျမှုနဲ့ အလုပ်တခုပိုသွားစေတယ်လို့လည်း သူတို့က ပြောပါတယ်။
 
ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်သူတွေအနေနဲ့ အလုပ်အကိုင်ပတ်စ်ပို့ (PJ)ပြုလုပ်ရပြီး PJ ကိုင်ဆောင်ထားသူတွေအနေနဲ့ OWIC ကတ်ရှိမှပဲ ပြည်ပကို ထွက်ခွာခွင့်ပေးနေတာ ဖြစ်ပါတယ်။
 
အဲဒီ OWIC ကတ်ကို ပြည်ပအလုပ်အကိုင်အေဂျင်စီအစီစဥ်နဲ့ ပြည်ပသွားမယ့် အလုပ်သမားတွေ၊ ကိုယ့်အစီစဥ်နဲ့ကိုယ် သွားရောက်မယ့် အလုပ်သမားတွေကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ရွှေ့ပြောင်းအလုပ်သမားဌာနစုမှာ ထုတ်ပေးပြီး ပြည်ပကနေ ခွင့်ပြန်အလုပ်သမားတွေကို မရမ်းကုန်းမြို့နယ်ရှိ OWIC ကတ်ထုတ်ပေးရေးဌာနမှာ ထုတ်ပေးနေတာ ဖြစ်ပါတယ်။
 
ဓာတ်ပုံ – CJ