စပိန်မှာ အထပ်မြင့် လူနေတိုက် မီးလောင်လို့ လေးဦးသေပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

ဖေဖော်ဝါရီ၊ ၂၃

စပိန်နိုင်ငံမှာ လူနေတိုက်တလုံး ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းက ဗလန်စီယာ မြို့ထဲမှာရှိတဲ့ ၁၄ ထပ်တိုက် တလုံးကို မီးလျံတွေက ဝါးမျိုဖျက်ဆီးပစ်ခဲ့တာပါ။ အဲဒီမီးဟာ အနီးမှာ ကပ်လျက်ရှိတဲ့ တခြား အဆောက်အအုံ တခုကိုပါ ကူးစက်ခဲ့ပါတယ်။

ရှုပ်ထွေးပြီး ချောက်ချားစရာ ကောင်းလှတဲ့ အခြေအနေမျိုးမှာ မီးသတ် ဝန်ထမ်းတွေဟာ မီးသတ် ကရိန်းတွေကို အသုံးပြုပြီး လေသာဆောင်တွေမှာ ရှိနေသူတွေကို ကယ်ထုတ်နေခဲ့တာကိုလည်း တွေ့ရပါတယ်။

လက်ရှိ အချိန်ထိ သေဆုံးသူ ၄ ဦး စာရင်းရထားပြီး ကလေး ၁ ဦး၊ မီးသတ်ဝန်ထမ်း ၆ ဦး အပါအဝင် စုစုပေါင်း ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှု ဖြစ်ပွားရာ တိုက်မှာ စုစုပေါင်း တိုက်ခန်း ၁၃၈ ခု ဖွဲ့စည်းထားပြီး နေထိုင်သူ ၄၅၀ ဝန်းကျင် ရှိတယ်လို့ အဆောက်အအုံ စီမံအုပ်ချုပ်မှု အဖွဲ့ရဲ့ စာရင်းတွေမှာ တွေ့ရပါတယ်။

မီးလောင်ကျွမ်းမှုကို ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့ပြီးတာနဲ့ အာဏာပိုင်တွေ အပူတပြင်း စုံစမ်းနေတဲ့ ကိစ္စကတော့ အဆောက်အအုံ တည်ဆောက်ရာမှာ အသုံးပြုထားတဲ့ ပစ္စည်းတွေထဲ မီးလောင်လွယ်တဲ့ အရည်အသွေးနိမ့် အရောအနှောတွေ ပါဝင်နေသလား ဆိုတာကို ဖြစ်ပါတယ်။

နောက်ပြီး အဆောက်အအုံ ပြင်ပမှာ ကာရံထားတဲ့ သတ္တုစပ် အလွှာတချို့ဟာ အပူဒဏ်၊ အအေးဒဏ်ကို အကောင်းဆုံး ထိန်းညှိ ကာကွယ်ပေးပေမယ့် မီးလောင်လွယ်တဲ့ အခြေအနေ ရှိနိုင်တယ်လို့ ပညာရှင်တွေက မှတ်ချက် ပေးထားပါတယ်။

စပိန် ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ဗလန်စီယာမြို့ မီးလောင်မှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ အထူး ထိခိုက် ကြေကွဲရကြောင်း ပြောကြားခဲ့ပြီး ထိခိုက်ခံစားခဲ့ရတဲ့ မိသားစုတိုင်းအတွက် အကူအညီတွေ ပေးအပ်နိုင်ဖို့ စီစဉ်ထားကြောင်းလည်း ကြေညာသွားပါတယ်။

 

Ref: BBC