ပုဏ္ဏားကျွန်းရဲစခန်းကို AA သိမ်းပိုက်၊ လက်ကျန်တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်

ဖေဖော်ဝါရီ၊ ၂၃
 
စစ်တွေမြို့နယ်နဲ့ ကပ်ရပ်မှာရှိတဲ့ ပုဏ္ဏားမြို့နယ် မြို့မရဲစခန်းကို မနေ့က ဖေဖော်ဝါရီ ၂၂ ရက်မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး လက်ကျန်တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်ပါတယ်။
 
AA ဟာ ပြည်နယ်မြို့တော်စစ်တွေရဲ့ မြောက်ဘက် ၂၁ မိုင်ဝန်းကျင်အကွာမှာ တည်ရှိတဲ့ ပုဏ္ဏားကျွန်းမြို့ကို ခုရက်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းကို သိမ်းယူခဲ့တာပါ။
 
“ရဲစခန်းကို သိမ်းလိုက်ပြီ၊ တိုက်ပွဲတွေတော့ ဆက်ဖြစ်နေတယ်၊ စစ်ကောင်စီကလည်း လက်နက်ကြီးနဲ့ ရွာတွေကို လျှောက်ပစ်နေတယ်” လို့ ပုဏ္ဏားကျွန်း ဒေသခံတဦးက ပြောပါတယ်။
 
မြို့မရဲစခန်းကို သိမ်းပိုက်ပြီးတဲ့နောက် ပုဏ္ဏားမြို့နယ် တခုလုံးအတွင်း စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်ဖြစ်ပြီး မြို့နဲ့ကပ်ရပ်မှာရှိတဲ့ (၅၅၀) ခြေမြန်တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
 
“လက်နက်ချဖို့လည်း သတိပေးထားတယ်၊ ၅၅၀ ရရင် ပုဏ္ဏားကျွန်း အကုန်ရပြီ” လို့ အဲဒီပုဏ္ဏားကျွန်းဒေသခံက ပြောပါတယ်။
 
လက်ရှိမှာ စစ်ကောင်စီရဲ့ စစ်တွေမြို့နယ်အတွင်းရှိ တပ်ရင်းတွေနဲ့ ကုလားတန်မြစ်ပေါ်ရှိ စစ်ရေယာဉ်တို့ကနေ လူနေကျေးရွာတွေဘက်ဆီ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
အဲဒီလို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ မနေ့က ပုဏ္ဏားကျွန်းမြို့နယ် သာယာကုန်းရွာသို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံအရပ်သား နှစ်ဦးထက်မနည်း ဒဏ်ရာရကာ နေအိမ်တချို့ ပျက်စီးသွားခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ ပုဏ္ဏားကျွန်းမြို့ပေါ်စခန်းတွေ တိုက်ခိုက်မခံရခင်ကတည်းက ပုဏ္ဏားကျွန်းမြို့မဈေးကြီးနဲ့ လူနေရပ်ကွက်တွေကို ဝင်ရောက်မီးရှို့ခဲ့ပြီး ဆိုင်ခန်းနဲ့ နေအိမ်ရာချီ မီးလောင်ပြာကျခဲ့ရပါတယ်။
 
AA ဟာ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မောင်တောမြို့နယ်တို့အတွင်းမှ စစ်ကောင်စီလက်အောက်ခံတပ်မဌာနချုပ်၊ တပ်ရင်း၊ တပ်စခန်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
 
လက်ရှိမှာ မင်းပြား၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တို့ကို သိမ်းပိုက်ထားပြီး ရမ်းဗြဲ၊ ရသေ့တောင်တို့မှာလည်း မြို့သိမ်းနိုင်ရေး မြို့ပေါ်စခန်းတွေကို တိုက်ခိုက်နေပါတယ်။
 
ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ စခန်းတွေအားလုံးကို တခုမကျန်တိုက်ခိုက်သွားမှာဖြစ်ပြီး လက်နက်ချအညံ့ခံကြဖို့လည်း AA ရဲ့ ထုတ်ပြန်ချက်တွေမှာ မကြာခဏ သတိပေးထားပါတယ်။
 
ဓာတ်ပုံ – AA Info Desk