မြိတ်မြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်လို့ တဦးသေ၊ အမျိုးသမီးတဦးအပါအဝင် နှစ်ဦးဒဏ်ရာရ

ဖေဖော်ဝါရီ၊ ၂၂

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဒီလ ၂၁ ရက်၊ ည ၇ နာရီခန့်က နေရာ သုံးနေရာ ဗုံးပေါက်ကွဲမှု ဆက်တိုက် ဖြစ်ပွားခဲ့လို့ အမျိုးသားတဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

“Seaview ကွန်ဒိုနားက ပေါက်ကွဲအား အရမ်းပြင်းတယ်၊ အဲဒီအနားမှာပဲ ရှိနေတဲ့ သူတွေထိတာ တဦးကတော့ ဦးနှောက်ထိသွားတော့ ဆုံးသွားတယ်၊ ကျန်နှစ်ဦးကတော့ ဒဏ်ရာတွေ ရသွားတာ” လို့ မြိတ်မြို့ခံတဦးက DNA ကို ပြောပါတယ်။

ပေါက်ကွဲမှုတွေဟာကမ်းနားလမ်း Seaview ကွန်ဒိုအနီး၊ ဘုံပျံရပ်ကွက်နဲ့လေယာဉ်ကွင်းအနီးမှာ  ဖြစ်ပွားခဲ့တာပါ။

 ဘုံပျံရပ်ကွက်နဲ့ လေယာဉ်ကွင်းအနီးမှာ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပေမဲ့ Seaview ကွန်ဒိုအနီးပေါက်ကွဲမှုမှာတော့ အနီးမှာ ရှိနေတဲ့ ရေပုန်းရပ်ကွက်နေထိုင်သူ အသက် လေးဆယ် နှစ်ဝန်းကျင်အရွယ် အလှဖန်တီးရှင် ကိုသားကြီးသေဆုံးခဲ့တာပါ။

ဒါ့အပြင် အဲဒီအနီးမှာ ရှိနေတဲ့ အသက် သုံးဆယ် နှစ်ကျော်ဝန်းကျင်အရွယ် ကိုလင်းလင်းစံအပါအဝင် အမျိုးသမီးတဦး ခန္ဓာကိုယ်မှာ ဗုံးစထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

” တနေရာနဲ့ တနေရာက အရမ်းမဝေးဘူး၊ ဖြစ်သွားတာလေ၊ နှစ်ယောက်က ဒဏ်ရာမစိုးရိမ်ရပါဘူး၊ တခြားနေရာမှာ ထိခိုက်တာတော့ မကြားဘူး” လို့ အဲဒီမြို့ခံက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားတဲ့အချိန်ဟာ လမ်းတွေမှာ လူသွားလူလာများကာ လူစည်းကားနေတဲ့အချိန်ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေက ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ဒေသတွင်းလှုပ်ရှားနေတဲ့အဖွဲ့တွေကို DNA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

မြို့ခံတွေရဲ့ ပြောဆိုချက်အရ မြိတ်မြို့ပေါ်မှာ ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပွားလေ့ရှိပြီး ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အများစုက လက်သည်မပေါ်ဘူးလို့ ဆိုပါတယ်။