မိုင်းပွန်နဲ့ ဟိုပုံးကြား တိုက်ပွဲပြင်းထန်နေ

ဖေဖော်ဝါရီ ၊ ၂၂ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့နဲ့ ဟိုပုံးမြို့ကြားမှာ  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နဲ့ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်(PNO/PNA) ပူးပေါင်းတပ်တွေကြား ဒီကနေ့ မနက် ၁၁ နာရီလောက်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ ခရီးသွားတွေက ပြောပါတယ်။ 

“အခြေနေမကောင်းလို့ လွိုင်လင်ကပြန်လှည့်လာရတယ်၊ မိုးလင်းကတည်းက လက်နက်ကြီး ဆက်တိုက်ထုနေတာ၊ မိုင်းပွန် အခြေနေမကောင်းလောက်ဘူး၊ တံတားကျော်တင် လက်နက်ကြီးကျတာ” လို့ မိုင်းပွန်ကို ဖြတ်ပြီး တောင်ကြီးကိုသွားမယ့် ခရီးသွားတဦးက DNA ကို ပြောပါတယ်။ 

ဟိုပုံးမြို့အရှေ့ဘက် ၁၅ မိုင်ခန့်အကွာ၊ မိုင်းပွန်မြို့ရဲ့ အနောက်ဘက် ဆယ်မိုင်ကျော်အကွာမှာ ရှိတဲ့ ထမ်းဆန်းဂူတဝိုက်မှာ မနေ့ကတည်းက စလို့တိုက်ပွဲဖြစ်ပွားနေကြတာပါ။

PNLA သတင်းနဲ့ ပြန်ကြားရေးကတော့ PNLA စစ်ကြောင်းကို စစ်ကောင်စီ ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ ဟိုပုံးမြို့နယ်အရှေ့ဘက်ခြမ်းတနေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာတော့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် အလောင်း လေးလောင်း၊ သေနတ်လေးလက်၊ ၆၀ မမ လက်နက်ကြီးတလက်၊ ကားတစီးနဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ PNLA ဘက်က ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ဟိုပုံးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်က ထမ်းဆန်းဂူတဝိုက်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PNLA ဘက်ကပြောပါတယ်။ 

မိုင်းပွန်-ဟိုပုံး ကားလမ်းမပေါ်မှာရှိတဲ့ အဲဒီ ထမ်းဆန်းဂူရှိ စေတီကုန်းမှာတော့ ဖေဖော်ဝါရီ ၂၁ရက်ကတည်းက စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး အခိုင်အမာ တပ်စွဲထားတယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။ 

“တိုက်ပွဲဖြစ်တာက မိုင်းပွန်အထွက်နဲ့ ထမ်းဆန်းဂူကြားမှာ၊ အခုတော့အဲ့ကြားမှာ (ခရီးသည်) ဘယ်သူမှမကျန်တော့ပါ၊ မနေ့ကအကုန်ပေးထွက်ပါတယ်” လို့လည်း ပိတ်မိရာကနေ လွတ်မြောက်လာတဲ့ ဒေသခံတဦးက DNA ကို ပြောပါတယ်။ 

လက်ရှိမှာတော့ တိုက်ပွဲကြောင့် ဟိုပုံးမြို့နဲ့ မိုင်းပွန်မြို့ကြား ပိတ်မိနေတဲ့ ခရီးသွားကားတွေမရှိတော့ပေမယ့် တောင်ကြီးနဲ့ ဟိုပုံးဘက်ကိုသွားမယ့် ခရီးသည်ကားတွေကတော့ မိုင်းပွန်မြို့ထဲ ပိတ်မိနေတယ်လို့လည်း သူက ပြောပါတယ်။ 

မိုင်းပွန်မြို့အထွက် တံတားမှာတော့ စစ်ကောင်စီတပ်က တပ်ချထားပြီး တံတားကို ဖြတ်သန်းသွားလာခွင့်မပြုဘူးလို့ လည်းသိရပါတယ်။ 

“မနေ့ကတော့ လေယဉ်သံကြားတယ်၊ ဒီနေ့တော့ မိုင်းပွန်တပ်ထဲကနေ ပစ်နေတာ” လို့လည်း အထက်ပါ ခရီးသွားက ပြောပါတယ်။ 

အလားတူပဲ ဖေဖော်ဝါရီ ၂၀ ရက်နေ့တုန်းကလည်း ဟိုပုံးမြို့ရဲ့ အရှေ့တောင်ဘက်၊ မဲနယ်တောင်ဒေသမှာလည်း PNLA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအပြီးမှာတော့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် အလောင်း ငါးလောင်းနဲ့ သေနတ် လေးလက်ကို PNLA ဘက်က သိမ်းဆည်း ရမိခဲ့ပါသေးတယ်။ 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဆီဆိုင်မြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်လောက်မှာ PNLA နဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက် လက်ရှိမှာတော့ ဆီဆိုင်မြို့နယ်နဲ့ ထိစပ်နေတဲ့ ဟိုပုံးဘက်မှာပါ တိုက်ပွဲတွေ ပြင်းထန်လာတာပါ။ 

မြို့အနီး တိုက်ပွဲတွေ ရှိလာနေတဲ့ ဟိုပုံးမြို့ဟာလည်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲပါဝင်ပြီး ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့နဲ့ ဆယ်မိုင်ခန့်သာ ဝေးတော့တာပါ။ 

စစ်ကောင်စီတပ်ဘက်ကတော့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက တိုက်ပွဲတွေမှာ တန်ပြန်တိုက်ခိုက်နိုင်ဖို့ ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ ပအိုဝ်းပြည်သူ့စစ်(PNO/PNA) ကို လက်နက်ထပ်မံတပ်ဆင်ပေးနေတဲ့အပြင် PNO/PNA ကလည်း လူသစ်စုဆောင်းပြီး စစ်သင်တန်းပေးတာတွေ တိုးချဲ့လုပ်ဆောင်နေပါတယ်။