ဗြိတိန်ရဲ့ Trident နျူကလီးယား တန်ပြန် စစ်ဆင်ရေး အစီအစဉ် စမ်းသပ်မှု နှစ်ကြိမ်ဆက် မအောင်မြင်

ဖေဖော်ဝါရီ ၊ ၂၂

ဗြိတိန်ရဲ့ နျူကလီးယား တန်ပြန်ရေး အဓိက မဟာဗျူဟာ အစီအမံဖြစ်တဲ့ Trident စနစ်ကို လက်တွေ့ စမ်းသပ်မှုဟာ နှစ်ကြိမ်ဆက်တိုက် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

 တော်ဝင်ရေတပ်ရဲ့ ရေငုပ်သင်္ဘော တစီးက အခုသီတင်းပတ်ထဲမှာ Tridentရဲ့ အစိတ်အပိုင်းအဖြစ် ဒုံးကျည်တစင်းကို စမ်းသပ် ပစ်လွှတ်ခဲ့ပေမယ့် လွှတ်တင်ပြီး သိပ်မကြာခင်မှာပဲ ပေါက်ကွဲ ပျက်စီးသွားခဲ့ပါတယ်။ ဒါဟာ ရေတပ်အတွက်တော့ Trident အစီအမံ လက်တွေ့ စမ်းသပ်မှုမှာ နှစ်ကြိမ်ဆက်တိုက် စိတ်ပျက်စရာတွေ ကြုံခဲ့ခြင်းပါပဲ။

 HMS Vanguard ရေငုပ်သင်္ဘောကနေ ဒုံးကျည် ပစ်ခတ်မှုကို ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်စ်ကိုယ်တိုင် ကြီးမှူး စောင့်ကြည့်ခဲ့ပါတယ်။ ရေတပ်ရဲ့ အဆိုအရ ဒုံးကျည်ရဲ့ တွန်းကန်စနစ်မှာ ပြဿနာ ဖြစ်ခဲ့ပြီး လွှတ်တင်တဲ့ ရေငုပ်သင်္ဘောနဲ့ ခပ်လှမ်းလှမ်း ရေပြင်ထဲ ကျရောက်သွားခဲ့တယ်လို့ သိရပါတယ်။

 အမှားအယွင်းတွေ ကြုံနေပေမယ့်လည်း Trident စနစ်မှာ ချိတ်ဆက် အလုပ်လုပ်မယ့် ရေငုပ်သင်္ဘောတွေ၊ ဒုံးကျည်တွေနဲ့ နျူကလီးယား ထိပ်ဖူးတွေရဲ့ စွမ်းဆောင်ရည်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေဆဲလို့ ရှပ်စ်က ဆိုပါတယ်။

 တဖက်မှာလည်း Trident စနစ်ကို ပူးပေါင်း တီထွင် ဖန်တီးခဲ့တဲ့ အမေရိကန်နဲ့ ဗြိတိန် ကာကွယ်ရေး နည်းပညာ ကုမ္ပဏီတွေ အတွက်တော့ အရှက်ရစရာ ဖြစ်လာပါတယ်။ ဗြိတိန်ဟာ Trident စနစ်ကို လက်တွေ့ စမ်းသပ်တာမျိုးတွေကို ရှားရှားပါးပါးသာ လုပ်လေ့ရှိပါတယ်။ အကြောင်းကတော့ စရိတ်စက အရမ်းကြီးမားတာကြောင့်ပါ။

 ၂၀၁၆ တုန်းက နောက်ဆုံးအကြိမ် လက်တွေ့ စမ်းသပ်တုန်းကလည်း ဒုံးကျည်က လမ်းကြောင်းလွဲချော်သွားခဲ့ဖူးပါတယ်။ ဒုံးကျည် တစင်းဟာ ပျမ်းမျှ ဒေါ်လာ သန်း ၂၀ ကျော်လောက် တန်ဖိုးရှိပြီး စမ်းသပ် အဆင့်မှာတော့ နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်မထားပါဘူး။ Tridentကို နောက်ဆုံးအကြိမ် အောင်အောင်မြင်မြင် စမ်းသပ် ပစ်ခတ်နိုင်ခဲ့တာဟာ ၂၀၁၂ ခုနှစ်တုန်းကပါ။

 Tridentဟာ ဗြိတိန်ရဲ့ နျူကလီးယား တန်ပြန် စစ်ဆင်ရေးဆိုင်ရာ အဓိက အကျဆုံး မဟာဗျူဟာ အစီအမံလည်း ဖြစ်ပါတယ်။ Tridentရဲ့ သဘောအရ ဗြိတိန် ရေတပ်ဟာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေကို လျှို့ဝှက် ဖြန့်ကျက်ထားပြီး ရန်သူ့ ခြိမ်းခြောက်မှုတွေ ကြုံလာချိန်မှာ မျှော်လင့်မထားတဲ့ နေရာတွေကနေ တန်ပြန် တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Ref: BBC