စစ်မှု မထမ်းချင်လို့ ထွက်ပြေးတဲ့ မြန်မာတွေကို ယာယီ အလုပ်အကိုင် စီစဉ်ပေးဖို့ ထိုင်းအမတ် တိုက်တွန်း

ဖေဖော်ဝါရီ ၊ ၂၂

စစ်မှု မထမ်းချင်လို့ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို အရေးမယူဘဲ လက်ခံပေးဖို့၊ လူသားချင်း စာနာမှု အစီအမံ တရပ်အနေနဲ့ ယာယီ အလုပ်လုပ်ကိုင်ခွင့် ပြုပေးဖို့ ထိုင်းလွှတ်တော် အမတ်တဦးက အစိုးရကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

 

အတိုက်အခံ FAIR ပါတီရဲ့ အမတ်တဦးဖြစ်တဲ့ ကန်နက်ဗီး ဆူယက်ဘ်ဆန်က ထိုင်းနိုင်ငံဆီ မြန်မာ လုပ်သားတွေ စေလွှတ်တဲ့ ကိစ္စဟာ နှစ်နိုင်ငံ သဘောတူညီချက် တခုအရ ရပ်ဆိုင်းထားတာကို သိရကြောင်း၊ အဲဒီလို ရပ်ဆိုင်းသွားတာဟာ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ သက်ဆိုင်မှု ရှိသလား ဆိုတာကို မပြောတတ်ပေမယ့် မြန်မာလုပ်သားတွေကို နေရပ် ပြန်ပို့မယ့် ကိစ္စမျိုး ဆိုရင်တော့ အကြီးအကျယ် စိုးရိမ်စရာ ဖြစ်လာနိုင်ကြောင်း ပြောပါတယ်။

 

မူလက နှစ်နိုင်ငံကြား နားလည်မှု သဘောတူ စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးထားမှုမှာ မြန်မာဖက်က နေ့စဉ် လုပ်သား ၇၀၀ နဲ့ ၈၀၀ ထိ ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် ညှိနှိုင်းထားတယ်လို့လည်း သူက ဆိုပါတယ်။

 

ဒါပေမဲ့ အာဏာသိမ်း မြန်မာစစ်ကောင်စီက စစ်မှုမထမ်းမနေရ စနစ်ကို စတင် အသက်သွင်းမယ်လို့ ကြေညာလိုက်တဲ့နောက် စစ်မှုမထမ်းချင်တဲ့ လူငယ် အများအပြားဟာ အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ထွက်ပြေး ခိုလှုံဖို့ ကြိုးစားလာခဲ့ပါတယ်။ အကျိုးဆက်အဖြစ် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ လူငယ် တချို့ဟာ အခုရက်ပိုင်းအတွင်း ထိုင်းနယ်စပ်မှာ ဆက်တိုက် ဖမ်းဆီးခံနေရပါတယ်။

 

ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကလည်း တရားမဝင် လမ်းကြောင်းက ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေနဲ့အညီ အရေးယူမယ်လို့ သတိပေးခဲ့တဲ့နောက် ကန်နက်ဗီးက အခုလို တိုက်တွန်းလာခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ် မြန်မာဖက်က အလုပ်သမား စေလွှတ်မှု ဆိုင်းငံ့ထားတာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လုပ်သားပြတ်လပ်မှု ပြဿနာကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေအတွက် ယာယီ အလုပ်အကိုင် စီစဉ်ပေးပြီး ကုစားသင့်တယ်လို့ သူက ဆိုပါတယ်။

 

နောက်ပြီး မြန်မာတွေ ထိုင်းပိုင်နက်ထဲ တရားမဝင် ဝင်ရောက်လာတယ် ဆိုတာကလည်း အလုပ်အကိုင်ကြောင့် ဆိုတာထက် စစ်ပွဲတွေကြား အသက်ကို ရင်းရမယ့် အခြေအနေကနေ တိမ်းရှောင်လာတာသာ ဖြစ်ကြောင်း၊ သူတို့ဟာ စစ်မြေပြင်မှာ ကိုယ်တိုင် အသေခံဖို့၊ ဒါမှမဟုတ် သူတပါးကို သတ်ဖြတ်ဖို့ဆိုတဲ့ ခက်ခဲတဲ့ ရွေးချယ်မှုတွေကြောင့်သာ အခုလို ကိုယ်လွတ်ရုန်း ထွက်ပြေးလာရပြီး အကူအညီ လိုအပ်နေသူတွေ ဖြစ်ကြောင်း ကန်နက်ဗီးက ဆက်ပြီး ပြောကြားသွားပါတယ်။

 

Ref: Bangkok Post