ရခိုင်တောင်ပိုင်းကို AAထိုးစစ်စတင်တော့မလား

ဖေဖော်ဝါရီ ၊ ၂၂

ရခိုင်ပြည်နယ်မြောက်ပိုင်းကမြို့တွေကို ဆက်တိုက်သိမ်းပိုက်ထားတဲ. ရက္ခိုင့်တပ်တော်(AA)ရဲ့စစ်ရေးခြေလှမ်းတွေက အလယ်ပိုင်းအပြင်တောင်ပိုင်းဒေသတွေအထိ ဦးတည်လာနေပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ-တောင်ကုတ် ကားလမ်းကြားရှိ ကျေးရွာတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မူအန္တရာယ် ကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားကြဖို့  AAက ဖေဖော်ဝါရီလလယ်ပိုင်းကစလို့ဆက်တိုက်သတိပေးထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက DNAကိုပြောပါတယ်။

တောင်ကုတ်မြို့ကို AAကစတင်ထိုးစစ်ဆင်ပါက စစ်ကောင်စီဖက်က ကျေးရွာတွေကို လေကြောင်းကဗုံးကြဲလာနိုင်လို့ ပြည်သူတွေကို ကြိုတင်သတိပေးထားတာဖြစ်ပါတယ်။

“ကြိုပြင်နိုင်အောင်တပ်တော်ကလာသတိပေးတာ။ တိုက်ပွဲဖြစ်ရင်ရွာထဲမှာမနေကြဖို့။တချို့ကလည်းဗုံးခိုကျင်းတူးထားပါတယ်”လို့တောင်ကုတ်မြို့နယ် ကျေးရွာတခုမှဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင် AAက တောင်ကုတ်အပါအဝင် တောင်ပိုင်းဒေသကို ထိုးစစ်စတင်တော့မယ်လို့သတင်းတွေကျယ်ပြန့်စွာ ထွက်ပေါ်နေပြီး လုံခြုံမယ်လို့ယူဆတဲ့နေရာတွေကို ကြိုတင်တိမ်းရှောင်သူတွေလည်းရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။

ရခိုင်တောင်ပိုင်းဒေသမှာ တောင်ကုတ်၊သံတွဲနဲ့ဂွမြို့နယ်တွေ တည်ရှိတာဖြစ်ပါတယ်။

တောင်ပိုင်းဒေသမှာ AAစတင်တိုက်ခိုက်နိုင်တဲ့မြို့လို့သုံးသပ်ထားကြတဲ့တောင်ကုတ်မြို့မှာတော့ စစ်ကောင်စီရဲ့ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ၅) အခြေစိုက်ပြီး ခမရ၄၃၆ နဲ့၅၄၄ တပ်ရင်းတွေလည်းရှိပါတယ်။

တကျော့ပြန်တိုက်ပွဲသုံးလတာကာလအတွင်းမှာ တောင်ကုတ်မြို့နယ်အတွင်း တိုက်ပွဲကြီးဖြစ်ပွားတာမရှိပေမယ့် နှစ်ဖက်စစ်ရေးလှုပ်ရှားမှုနဲ့ ထိတွေ့မူအချို့ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၄ရက်နေ့ကလည်းစတိုက်ပွဲဖြစ်ပွားတာမရှိဘဲ တောင်ကုတ်မြို့နယ်၊ လမုတိုက်နယ်ရှိ နေရာအချို့ကို စစ်ကောင်စီကလေကြောင်း ကဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပါတယ်။

“တပ်တော်ရှိတယ်လို့ထင်လို့ ဗုံးလာကြဲတာ”လို့ဒေသတွင်းသတင်းရင်းမြစ်တဦးကပြောပါတယ်။

တောင်ကုတ်မြို့နယ် မအီမြို့အနီးမှာလည်း အခုလလယ်ပိုင်းက နှစ်ဖက်ထိတွေ့မှုတချို့ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၈ရက်နေ့ကလည်းတောင်ကုတ်မြို့နယ်၊ မုတ်ရွာနဲတပျော့ရွာကြားမှာ စစ်ကောင်စီယာဉ်တန်းကို AAက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဖက်က ထိခိုက်ဒဏ်ရာရရှိတာတွေရှိခဲ့ပါတယ်။

လတ်တလောမှာလည်း AAကတောင်ပိုင်းဒေသတောင်ကုတ်ကို စတင်ထိုးစစ်ဆင်တော့မယ်ဆိုတဲ့သတင်းတွေကြောင့် စစ်ကောင်စီဖက်က စစ်ရေးပြင်ဆင်မှုတွေအရှိန်မြင့်နေတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

တောင်ကုတ်မြို့နယ်အတွင်းက စစ်ရေးဗျူဟာအရအရေးပါတဲ့ တံတားတွေကိုလည်း စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးမှုတွေပြုလုပ်နေတာပါ။

တောင်ကုတ်မြို့နယ် မအီမြို့ရှိ မအီတံတားနဲ့ကျောက်ကြီးပေါက်တံတားတွေကို ဒီလလယ်ပိုင်းမှာစစ်ကောင်စီကမိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ မအီမြို့က စစ်ကောင်စီတပ်ဖွဲ့တွေ အနောက်ပိုင်းစစ်ဌာနချုပ်(နပခ) အခြေစိုက်ရာအမ်းမြို့ကိုဆုတ်ခွာသွားခဲ့တဲ့ ဖေဖော်ဝါရီ၁၆ရက်မှာ ဖျက်ဆီးသွားခဲ့တာပါ။

“တပ်တော်ဖက်ကဝင်လာလို့မရအောင်လုပ်တာ”လို့ AAနဲ့နီးစပ်သူတဦးကပြောပါတယ်။

မအီချောင်းတံတားဟာ မအီမြို့နဲ့ အမ်းမြို့နယ်ကို ဆက်သွယ်ထားတဲ့တံတားဖြစ်ပြီး ကျောက်ကြီးပေါက်တံတားကတော့ မအီမြို့နဲ့ ကျောက်ဖြူမြို့ကို ဆက်သွားထားတဲ့တံတားဖြစ်ပြီး ဆက်သွယ်ရေးအရအရေးပါတဲ့တံတားတွေဖြစ်ပါတယ်။

AAအနေနဲ့ တောင်ကုတ်အပါအဝင် တောင်ပိုင်းကို ထိုးစစ်ဆင်မယ်ဆိုရင် စစ်ရေးဗျူဟာကျတဲ့ မအီမြို့ကိုအရင်တိုက်ခိုက်ရမယ်လို့လည်း ဒေသတွင်းစစ်ရေးလေ့လာသူတဦးသုံးသပ်ပါတယ်။

မအီမြို့က နပခအခြေစိုက်ရာအမ်းမြို့နဲ့ တောင်ကုတ်မြို့ကြားမှာ တည်ရှိတာဖြစ်ပါတယ်။ဒါ့အပြင်AAထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေပြင်းထန်နေတဲ့ အလယ်ပိုင်းဒေသရမ်းဗြဲနဲ့ကျောက်ဖြူမြို့နယ်တို့နဲ့ဆက်သွယ်ရေးမှာလည်း အချက်အခြာကျတဲ့မြို့ဖြစ်ပါတယ်။

မအီမြို့အနီးမှာရှိတဲ့ ဇီးဇံတောင်မှာတော့ စစ်ကောင်စီဗျူဟာတခုတပ်စွဲထားပြီး အခုရက်ပိုင်းမှာ အင်အားဖြည့်နေတယ်လို့လည်း AAနဲ့နီးစပ်သူကဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတော့မယ့်သတင်းတွေကြောင့် လတ်တလောမှာ မအီအပါအဝင် တောင်ကုတ်မြို့နယ်က ဒေသခံအများအပြားဟာ ဘေးလွတ်နိုင်ရာနေရာတွေဖက်ကို တိမ်းရှောင်နေကြပြီလို့လည်း သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလကစတင်ခဲ့တဲ့ တကျော့ပြန်တိုက်ပွဲအတွင်း AAက ချင်းပြည်နယ်ပလက်ဝ၊ရခိုင်ပြည်နယ် မြောက်ပိုင်းကျောက်တော်၊မြောက်ဦး၊မင်းပြား၊ပေါက်တောနဲ့မြေပုံစတဲ့မြို့နယ်တွေနဲ့ စစ်ကောင်စီတပ်စခန်းအများအပြားကိုသိမ်းပိုက်ထားတာပါ။

ဒါ့အပြင်ရခိုင်ပြည်နယ်မြောက်ပိုင်းကကျန်ရှိနေသေးတဲ့ပုဏ္ဏားကျွန်းမြို့။ရသေ့တောင်နဲ့မြို့တော်စစ်တွေကိုလည်း AAကဝိုင်းပိတ်ဆို့ထားတာဖြစ်ပါတယ်။အခြားမြောက်ပိုင်းမြို့နယ်တွေဖြစ်တဲ့ ဘူးသီးတောင်နဲ့မောင်တောမြို့နယ်တွေမှာလည်းတိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ဒါ့အပြင်အလယ်ပိုင်းဒေသရှိရမ်းဗြဲမြို့ကိုထိုးစစ်ဆင်နေပြီးကျောက်ဖြူမြို့နယ်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အမ်းမြို့နယ်မှာဆိုရင်လည်းတိုက်ပွဲတွေဖြစ်ပွားနေတာပါ။

  ဒါကြောင့်ရခိုင်ပြည်နယ်၁၇မြို့နယ်အနက် အလယ်ပိုင်းရှိမာန်အောင်နဲ့ တောင်ပိုင်းဒေသသံတွဲနဲ့ဂွမြို့နယ် သုံးခုသာတိုက်ပွဲမရှိသေးတာဖြစ်ပါတယ်။

AAအနေနဲ့ မကြာခင်ကာလမှာ မြို့တော်စစ်တွေအပြင် တောင်ပိုင်းကို ထိုးစစ်ဆင်လာနိုင်တယ်လို့ဒေသတွင်းစစ်ရေးလေ့လာသူတဦးကသုံးသပ်ပါတယ်။

ဒါ့အပြင်မကြာခင်လပိုင်းအတွင်း မိုးရာသီကျရောက်လာရင် စစ်ဆင်ရေးအခက်အခဲရှိတာမလို့AAနေနဲ့ တောင်ပိုင်းဒေသကို လက်ရှိပွင့်လင်းရာသီသုံးလလောက်အတွင်းတိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ကြိုးပမ်းလာနိုင်တယ်လို့ စစ်ရေးစောင့်ကြည့်သူကသုံးသပ်ပါတယ်။

“တပ်တော်ကသူတို့ရည်မှန်းချက်ပြည့်ဖို့ဒီကာလအကောင်းဆုံးအချိန်မှာလုပ်မှာပဲလေ။သိမ်းနိုင်မသိမ်းနိုင်တာကတော့မြောက်ပိုင်းကိုပဲကြည့်။ဘယ်လောက်မှမကြာဘူး။အခက်အခဲကတော့ရှိမှာပဲ။တပ်တွေများတဲ့အမ်းလိုနေရာကတော့ခက်နိုင်တယ်”လို့သူကပြောပါတယ်။

ဒါ့အပြင်ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်စခန်းအားလုံးကင်းစင်သွားအောင်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့လည်းAAကအသိပေးထားတာလည်းဖြစ်ပါတယ်။

ဒါကြောင့်မလို့ ရခိုင်တောင်ပိုင်းနဲ့ စစ်ကောင်စီရဲ့တိုင်းစစ်ဌာနချုပ်အခြေစိုက်အမ်းမြို့နယ်တွေမှာ စစ်ရေးအရှိန်မကြာခင်ပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ကြတာဖြစ်ပါတယ်။

“တောင်ပိုင်းကသိပ်မကြာနိုင်တော့ဘူး။ တောင်ကုတ်ကိုအရင်တိုက်မယ်လို့မြင်တယ်။ဒါဆိုရင်မအီကိုအရင်သိမ်းနိုင်တယ်”လို့စစ်ရေးလေ့လာသူကပြောပါတယ်။