ကော့ကရိတ်မြို့ခံအများစု စစ်ရှောင်နေရချိန်နှစ်လခွဲကျော်အတွင်း မြို့ပေါ်ကနေအိမ်သုံးပုံတပုံလောက်မီးလောင်ပျက်စီး

ဖေဖော်ဝါရီ၊ ၂၁ 

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးတဝိုက် စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့  နှစ်ဖက် တိုက် ပွဲကြောင့် မြို့ခံတွေ စစ်ရှောင်နေရတဲ့ နှစ်လခွဲ ကျော်ကာလအတွင်း မြို့ပေါ်က နေအိမ်  သုံးပုံတပုံကျော် မီးလောင်ပျက်စီးသွားပြီလို့ မြို့ခံတွေကပြောပါတယ်၊

“ကုန်ပြီလေ၊ ခဏခဏကို လောင်နေတာပဲ၊ တခါလောင်ရင် လေးဆယ်၊ ငါးဆယ်လောက်က ကုန်တာပဲ၊ မီးသတ်လည်း မရှိတော့ ပိုဆိုးတယ်၊ မြို့ပေါ်က သုံးပုံတပုံလောက်က မီးလောင်ထားတာ၊မြို့အစွန် ဘက် မပါသေးဘူး” လို့ ကော့ကရိတ်မြို့ခံတဦးက DNA ကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့အကြား မြို့ပေါ်မှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တာ၊ စစ်ကောင်စီဘက်က လေကြောင်း၊လက်နက်ကြီးပစ်ခတ်မှုတွေ အပါအဝင် ရှို့မီးတွေလည်းရှိတာ ကြောင့် နေအိမ်အများအပြား အခုလို မီးလောင်ပျက်စီးသွားရတာလို့ မြို့ခံတွေက ဆိုကြပါတယ်။

ဒါပေမဲ့ ကော့ကရိတ်မြို့တွင်း မီးလောင်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့တော်လှန်ရေး တပ်ဖွဲ့တွေ ကြား အပြန်အလှန်စွပ်စွဲမှုတွေလုပ်လေ့ရှိပါတယ်။

ကော့ကရိတ်မြို့တွင်းမှာ တိုက်ပွဲတွေစဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းကစလို့ လက်ရှိအထိ သုံးလ နီးပါးကာလအတွင်း နေအိမ်မီး လောင်မှုဖြစ်စဉ် ၇ ကြိမ်နီးပါးအထိ ရှိခဲ့ပြီး အဲဒီထဲက ဌာနဆိုင်ရာရုံး အ ဆောက်အဦတွေအပါအဝင် နေ အိမ်သုံးရာကျော်မီးလောင်ပျက်စီးသွားတယ်လို့ မြို့ခံတွေ ပြော ဆို ချက်နဲ့ DNA က ပြုစုထားတဲ့ စာရင်း တွေအရ သိရပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ ကော့ ကရိတ်မြို့မှာ နေအိမ် ၇၈၂၅ လုံး၊ အိမ်ထောင်စု ၇၉၄၆ စုရှိပါတယ်။

ဒါ့ကြောင့် အခုအချိန်ထိ ကော့ကရိတ်မြို့ပေါ်မှာရှိတဲ့ နေအိမ် သုံးပုံတတပုံလောက် မီးလောင်ပျက်စီး ခဲ့တဲ့သဘောဖြစ်ပါတယ်။

ကော့ကရိတ်မြို့ အမှတ်(၉၇)ခြေလျင်တပ်ရင်းနဲ့ မြို့အဝင်အထွက်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့တွေကို  ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၁ရက်မှာကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA  တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

လက်ရှိမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက် ဆက်ဖြစ်နေတာမရှိပေမယ့် ဒီကနေ့အထိ စစ်ရေးတင်းမာ နေသေးသလို မြို့နေလူထုသောင်းချီလည်းနေရပ်မပြန်ိုင်သေးဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရဆဲပါ။

“ဆုံးရှုံးမှုတွေ ကြီးမားတယ်၊ ဘာမှမတတ်နိုင်တော့ဘူး၊ လုံးဝကို စိတ်ဓါတ်ချလိုက်ပါပြီ၊ဘာမှလည်း မစဉ်းစားချင်တော့ဘူး၊ အားလုံးအဆင်ပြေသွားတဲ့တနေ့တော့ ငါ့အိမ်ခြံလေးတော့ ပြန်ရရင် ကျေနပ် ပါပြီ” လို့ နေအိမ်မီးလောင်ပြာကျသွားတဲ့ ကော့ကရိတ်မြို့ တံတားဦးရပ်ကွက်နေ မြို့ခံတဦးက ပြော ပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့ပေါ် တံတားဦးရပ်ကွက်အစပ်နားမှာလည်း မနေ့ ဖေဖော်ဝါရီ ၂၀ ရက် ညနက် ပိုင်းကနေ  ဒီကနေ့ နေ့လယ်ပိုင်းအထိ နေအိမ်တွေ မီးကူးစက်လောင်ကျွမ်းနေတယ်လို့ ဆိုပါတယ်။

အခုမီးလောင်မှုဟာ ဘာကြောင့် စတင်လောင်ကျွမ်းခဲ့တာကို DNA အနေနဲ့ သီးခြားအတည်မ ပြုနိုင် ပေမဲ့ မြို့ခံတွေကတော့ စစ်ကောင်စီတပ်ဖွဲ့တွေက လူမရှိတဲ့နေအိမ်တွေကို မီးရှို့ခဲ့တာ ဖြစ်တယ် လို့ ပြောဆိုနေကြပါတယ်။

လက်ရှိ ကော့ကရိတ်မြို့ပေါ်က နေရာအများစုကို စစ်ကောင်စီဘက်က ထိန်းချုပ်ထားပြီး တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ရေးတင်းမာနေတဲ့အခြေအနေမှာ ရှိနေတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

ဒီလိုမျိုး မြို့ပေါ်ရပ်ကွက်ရှိ အကာအကွယ်ကောင်းတဲ့နေရာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေက လူသူမရှိတဲ့နေအိမ်ထဲကို ဝင်ရောက်ပြီး တန်ဖိုးကြီးပစ္စည်း၊ စားသောက်စရာတွေ၊ အိမ်မွေး  တိရိစ္ဆာန်တွေ၊ ဆိုင်ကယ်နဲ့ စက်ယန္တရားပစ္စည်းတွေ ယူဆောင်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“သူခိုးတွေလည်း ရှိနေတယ်၊ အဲဒီလူတွေလည်း ခိုးကြတာပဲ၊ ဆိုးတာက စစ်သားတွေပဲ၊လူမရှိတော့ အေးဆေးဝင်ယူတယ်၊ တွေ့ရာကို ယူသွားတာ၊ ဟိုတလော အဖေအိမ်ပြန်သွားတာ အိမ်မှာ အထည် ချုပ်စက်တွေ မရှိတော့ဘူး၊ အဲနားမှာ ကျန်နေတဲ့သူတွေ မေးတော့ စစ်သားတွေ အိမ်ထဲ ဝင်ရှာသွားတာ တွေ့တယ်တဲ့” လို့ ကော့ကရိတ်မြို့ကနေ စစ်ဘေးရှောင်နေရတဲ့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

အခုလို နေအိမ်တွေမှာ လူသူမရှိတဲ့အချိန် နေအိမ်အတွင်းရှိ တန်းဖိုကြီးပစ္စည်းတွေ ခိုးယူမခံရဖို့အတွက် မြို့ခံတချို့က အလှည့်ကျ နေအိမ်ကို ပြန်ကြည့်တာတွေ ရှိတယ်လို့ သိရပါတယ်။

ဒါပေမဲ့ မြို့ထဲဝင်ရောက်တဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ တားဆီးစစ်ဆေးတာရှိသလို ထိတွေ့ တိုက်ပွဲတွေဖြစ်လာရင် အသက်အန္တရာယ်ရှိလာနိုင်ပြီး မြို့ထဲကထွက်မရဘဲ ပိတ်မိနေ တဲ့အခြေ အနေ မျိုးတွေလည်း ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။

“ထင်သလောက်တော့ မလွယ်ဘူး၊ အရဲစွန့်ပြီး ပြန်ရတာပေါ့ ကိုယ့်အိမ်ယာကို နှမြောတာပေါ့၊ အိမ်မှာ ရင်းနှီးထားတဲ့ လုပ်ငန်း စက်ယန္တရားတွေ ရှိနေတော့ စိတ်မချဘူး၊ နှစ်ပတ်တခါလောက်တော့ ပြန်ကြည့် နေရတာ” လို့ အသက် ၅၀ ကျော်အရွယ် ကော့ကရိတ်မြို့ခံတဦးက ပြောပါတယ်။

Photo- Social Media