အမျိုးသမီးတွေ စစ်မှုထမ်းဖို့ လတ်တလော ဆင့်ခေါ်မှာမဟုတ်သေးဘူးလို့ စစ်ကောင်စီဘာကြောင့် ပြောဆိုတာလဲ

ဖေဖော်ဝါရီ၊ ၂၁
 
အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အခုလအတွင်း အသက်သွင်းလိုက်ပေမယ့် အမျိုးသမီးတွေကို လတ်တလောမှာ ခေါ်ယူဖို့ အစီအစဉ်မရှိသေးဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
 
“ ပြည်သူ့စစ်မှုထမ်းများကို ခေါ်ဆိုတဲ့နေရာမှာ အမျိုးသမီးတွေကို လတ်တလော ခေါ်ယူဖို့ အစီအစဉ်မရှိသေးကြောင်း ရှင်းလင်းစွာ ပြောကြားလိုပါတယ် ” စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေကတဆင့် စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ ရှင်းလင်းရာမှာ သူကပြောပါတယ်။
 
စစ်မှုထမ်းဥပဒေအရ တပ်သားသစ်တွေ ခေါ်ယူသင်တန်းပေးမှုကို လာမယ့် ဧပြီလ သင်္ကြန်နှစ်သစ်ကူးကာလအပြီး စတင်မယ်လို့ စစ်ကောင်စီက ထုတ်ပြောထားသလို အမျိုးသမီးတွေကိုတော့ အပတ်စဉ် ၅ မှာ စတင်ခေါ်ယူမယ်လို့ အရင်ကပြောထားတာပါ။
 
အခုအမျိုးသမီးတွေကို လတ်တလော မခေါ်သေးဘူးလို့ ထပ်ပြောလာတာဟာ အဲဒီအပတ်စဉ် ၅ မှာ စတင်ခေါ်ယူမယ်ဆိုတဲ့ ပြောဆိုချက်ကို ပြန်ပြင်ဆင်တာလား ဒါမှမဟုတ် အဲဒီအချက်ကိုပဲ ပြန်ရည်ညွှန်းတာလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမရှိပါဘူး။
 
နိုင်ငံတကာ စစ်ပွဲတွေအတွက် ရေးဆွဲထားတဲ့ စစ်မှုထမ်းဥပဒေကို လက်ရှိပြည်တွင်းစစ်ဖြစ်နေချိန်မှာ အသက်သွင်းလိုက်သလို အမျိုးသမီးတွေကို မခေါ်သေးဘူးလို့ အခုလိုထုတ်ပြောလာတာဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ်သား လိုအပ်ချက်ကြီးမားနေတာကို ပြသလိုက်တာလို့ စစ်တပ်က CDM အသိုင်းအဝိုင်းက ပြောပါတယ်။
“ အမျိုးသားတွေကို အဓိကထားသုံးစွဲမယ်လို့ ကျွန်တော်တို့က ယူဆတယ်၊ အဲ့ဒါကြောင့်သူတို့အတွက် မလိုအပ်သေးတဲ့ အင်အားကို မခေါ်ယူသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လူထုကိုလှည့်စားတဲ့ ပုံစံတခုဖြစ်တယ်လို့ ယုံကြည်တယ် ” လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။
 
နိုင်ငံတဝန်း ဒေသအနှံ့က လူဦးရေ အများအပြားကို ဂယက်ရိုက်စေခဲ့တဲ့ စစ်မှုထမ်းဥပဒေအသက်ဝင်ကြောင်း ထုတ်ပြန်ချက်ကို အခုလ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့တဲ့နောက် ဒီဥပဒေနဲ့ ပတ်သက်လို့ စစ်ကောင်စီက ရှင်းလင်းမှုတွေ အကြိမ်ကြိမ်လုပ်နေပေမယ့် အဲဒီထုတ်ပြန်ပြောဆိုမှုတွေကို အလုံးစုံယုံကြည်ဖို့ ခက်တယ်လို့ အသက် ၃၄ နှစ်အရွယ် CDM ကျောင်းဆရာမတဦးက DNAကို ပြောပါတယ်။
 
“စစ်မှုထမ်းဥပဒေကတော့ အကောင်အထည်မဖော်သေးပေမယ့် မယုံကြည်ရပါဘူး၊ သူက ပြောချင်ရာ ပြောနေတာ သူ့လူတွေကလည်း လုပ်ချင်ရာလုပ်နေကြတာ၊ စစ်ကောင်စီက ဘာပြောပြော အယုံကြည်မရှိတာ ” လို့ သူက ဆိုပါတယ်။
 
အလားတူ CDM ဥပဒေကျောင်းသူတဦးကလည်း စစ်ကောင်စီပြောခွင့်ရရဲ့ အခုပြောစကားမှာ ”လတ်တလော” လို့ပဲဆိုတားပြီး အချိန်ကန့်သတ်ချက်တိတိကျကျ ဖော်ပြမထားဘူးလို့ ထောက်ပြပါတယ်။
 
“ သူတို့မှာ အကြံတခုခုရှိလို့ မိန်းကလေး မခေါ်သေးဘူးပြောတာ၊ အခုခေါ်လည်း စစ်မှုမထမ်းဘူး၊ နောက်မှခေါ်လည်း စစ်မှုမထမ်းဘူး၊ အခု မခေါ်သေးဘူးလို့ ပြောပေးတော့ ဒီလတွေစိုးရိမ်စရာနည်းတာပေါ့၊ တခြားသွားဖို့လည်း အချိန်ရသွားတာပေါ့ ” လို့ သူကပြောပါတယ်။
 
နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူတွေကတော့ တပ်သားလိုအပ်ချက် အကြီးအကျယ်ရှိနေတဲ့ စစ်ကောင်စီဟာ သူတို့လိုအပ်ချက်ကို အရေးတကြီး ဖာထေးရာမှာ အမျိုးသမီးတွေကို နောက်ဆုတ်လိုက်တဲ့သဘောလို့ စစ်ကောင်စီပြောခွင့်ရရဲ့ ပြောစကားနဲ့ ပတ်သက်ပြီး သုံးသပ်ကြပါတယ်။
“ သူတို့ အခြေအနေကောင်းလာမှ အမျိုးသမီးတွေကို ခေါ်ယူသုံးစွဲမယ်လို့ သဘောပေါ့ဗျာ။ လောလောဆယ်က သူတို့တပ်ရဲ့ အင်အားဖြည့်တင်းရေး အဓိက ဦးစားပေးရမှာဖြစ်တဲ့အတွက် သူတို့အမျိုးသမီးတွေ စစ်ထဲပါဝင်ရေးကိစ္စကို နောက်ဆုတ်လိုက်တာ။ နောက်တခုက အမျိုးသမီးတွေ ပါဝင်လာရေး အသုံးချရင်လတ်တလော စစ်ရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အကန့်အသတ်ရှိလို့ပါ ” လို့ ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
 
၂၀၀၈ အခြေခံ ဖွဲ့စည်းပုံကို စတင်လည်ပတ်ဖို့ လပိုင်းအလိုမှာ အာဏာရှင်ဟောင်းဦးသန်းရွှေပြဌာန်းထားခဲ့တဲ့ စစ်မှုထမ်းဥပဒေနဲ့ အရန်တပ်ဖွဲ့ဥပဒေတွေကို လက်ရှိအာဏာသိမ်းစစ်ကောင်စီက အာဏာသိမ်းပြီးနောက် သုံးနှစ်အကြာ အခုလအတွင်း အာဏာတည်ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။
 
ဒါဟာ အာဏာသိမ်းပြီးနောက် ခုခံတော်လှန်သူတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် တနိုင်ငံလုံးမှာ စစ်မျက်နှာ တွေ ဖွင့်ထားရပြီး အင်အားချိနဲ့လာတဲ့ စစ်တပ်ကို အင်အားပြန်ဖြည့်ဖို့လို့ ဝေဖန်ကြတာတွေရှိပေမယ့် စစ်ကောင်စီက တော့ နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ်ချက်အရလုပ်တာလို့ဆိုပါတယ်။
 
ပြီးခဲ့တဲ့ အရပ်သားအစိုးရတွေလက်ထက် ကောက်ယူခဲ့တဲ့ သန်းခေါင်စားရင်းအချက်အလက်တွေအရ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့နိုင်ငံသား အမျိုးသား ၆ ဒသမ ၃ သန်း၊အမျိုးသမီး ၇ ဒသမ ၇ သန်း ရှိနိုင်ပြီး အဲ့ဒီအထဲကနေ အကန့်အသတ်နဲ့သာရွေးချယ်ခေါ်ယူမှာလို့လည်း စစ်ကောင်စီက ထုတ်ပြောထားပါတယ်။
 
လေးလအနည်းဆုံးကြာမယ့် အခြေခံ စစ်သင်တန်းတွေအတွက် အပတ်စဉ်တခုကို လူဦးရေ ငါးထောင်ဝန်း ကျင်သာ ခေါ်ယူမယ်လို့ စစ်ကောင်စီပြောခွင့်ရက ဆိုထားပါတယ်။
 
စစ်ကောင်စီကအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေပါပြဌာန်းချက်တွေအရတော့ အသက် ၁၈နှစ် ပြည့်ပြီးသူ နိုင်ငံသားတိုင်း အနည်းဆုံး နှစ်နှစ်ကနေ အများဆုံး ငါးနှစ်အထိ စစ်မှုထမ်းကြရမှာဖြစ်ပြီး အမျိုးသားဆိုရင် ၃၅နှစ်အထိ အမျိုးသမီးဆိုရင် ၂၇နှစ်အထိ စစ်မှုထမ်းဖို့အကျုံးဝင်ပါတယ်။
 
ဒါ့အပြင် နယ်ပယ်အလိုက် ကျွမ်းကျင်တဲ့ ပညာရှင်တွေအဖြစ် သတ်မှတ်ခံရသူတွေကတော့ အမျိုးသားဆိုရင် ၄၅ နှစ်အထိ အမျိုးသမီးဆိုရင် ၃၅ နှစ်အထိ စစ်မှုထမ်းဖို့အကျုံးဝင်နေပါတယ်။
 
ဒါကြောင့် စစ်မှုထမ်းဥပဒေအာဏာတည်ပြီလို့ ကြေညာလိုက်ချိန်ကတည်းက လက်ရှိအချိန်အထိ နိုင်ငံတဝန်းက အရပ်သားတွေကြား စိုးရိမ်ပူပန်မှုတွေရှိနေကြသလို အဲ့ဒီကြေညာချက်နောက်ပိုင်းဒေသအနှံ့မှာ အရပ်သားတွေ ကိုစစ်ကောင်စီလက်အောက်ခံတွေကပေါ်တာဆွဲတယ်၊ဖမ်းဆီးပြီးငွေနဲ့ပြန်ရွေးခိုင်းတယ်ဆိုတဲ့သတင်းတွေလည်းကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။
 
ဓာတ်ပုံ – စစ်ကောင်စီ