တန့်ဆည်မှာ ရဲစခန်းတိုက်ခိုက်ခံပြီး လေကြာင်းကပစ်လို့ ဒေသခံအများအပြား တိမ်းရှောင်ရ

ဖေဖော်ဝါရီ၊ ၂၁
 
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အနောက်ခြမ်းရှိ ကံထူးမ ကျေးရွာနယ်မြေရဲစခန်းကို ဒီကနေ့ မနက်ပိုင်းက စတင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း စစ်တပ်က လေယာဉ်နဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံ နှစ်သောင်းကျော်လောက် တိမ်းရှောင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေထံက သိရပါတယ်။
 
“ သူတို့က လူမြင်တာနဲ့ ပစ်တာဗျ။ အခုက တော်တော်ကို ဆိုးပါတယ်။ လေယာဉ်နဲ့ကို လိုက်ပစ်သလို ဖြစ်နေတာ လေယာဉ်လာရင် ကြောက်ပြီး ပုန်းနေရတယ်။ ငြိမ်ပြီးထင်လို့ ထွက်ပြေးမယ်လုပ်ရင် နောက်တစီး ရောက်လာပြန်ရော။ အရပ်သားတွေ ထိထားလည်း ရှိတယ် ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။
 
အဲဒီကျေးရွာကို စစ်တပ်က ဒီကနေ့ မနက်ပိုင်းကအထိ လေကြောင်းနဲ့ တိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ထားတဲ့အတွက် ထိခိုက်ပျက်ဆီးမှုတွေ များပြားနေပြီး အနီးအနားက ကျေးရွာတွေက ဒေသခံ နှစ်သောင်းကျော်လောက်ဟာ အရေးပေါ် စစ်ဘေးရှောင်နေရတယ်လို့ People Defense Comrade (အမေ့သား) က ဆိုထားပါတယ်။
 
“ ကံထူးမမှာ လက်နက်ကြီး ထိထားတာက နှစ်ဦးလို့ကြားတယ်။ ပါကာရွာဖက်ကိုလည်း လေယာဉ်နဲ့ ပစ်သွားလို့ ပြည်သူတွေထိထားသေးတယ်။ နေအိမ်တော်တော်များများလည်း ပျက်ဆီးသွားပါတယ် ” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။
 
တန့်ဆည်မြို့ အနောက်ဘက် ၁၀ မိုင်အကွာမှာရှိတဲ့ ကံထူးမနယ်မြေရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဒီကနေ့ မနက် အစောပိုင်းက စတင်တိုက်ခိုက်နေတာဖြစ်ပြီး စခန်းကို သိမ်းပိုက်မီးရှို့ဖျက်ဆီးနေစဉ် စစ်တပ်က လေကြောင်းကတဆင့် ပစ်ကူပေးနေတာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။
 
“ ရဲစခန်းကို ရခါနီးလေး ကျနော်တို့ မီးရှို့ရှင်းလင်းနေတာ စစ်ကောင်စီအဖွဲ့ဝင်တွေ အကုန်လုံးကို ရှင်းလင်းလို့မပြီးသေးတဲ့ အချိန်လေးမှာ လေကြောင်းတိုက်ခိုက်မှုကလည်း စိပ်လာတယ်။ အခြေအနေကတော့ ရှင်းလင်းမပြီးသေးဘူးပေါ့နော် ” လို့ သူကဆိုပါတယ်။
 
ကံထူးမ နယ်မြေရဲစခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းကလည်း တော်လှန်ရေးတပ်ဖွဲ့တွေက အခုလိုပဲ ဝင်ရောက်စီးနင်း တိုက်ခိုက်တာတွေ လုပ်ခဲ့သေးတယ်။
 
ရဲစခန်းတိုက်ခိုက်ခံရပြီး နာရီပိုင်းအတွင်းမှာတင် စစ်တပ်က လေယာဉ်နဲ့ တောက်လျှောက်ဆိုသလို ပစ်ခတ်နေတဲ့အတွက်ကြောင့် ကျေးရွာအတွင်း ပိတ်မိနေတဲ့ ဒေသခံတွေရှိသလို အရပ်သားနဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်ထားတာရှိတယ်လို့ သူကဆက်ပြောပါတယ်။
 
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်ကလည်း ထိခိုက်သေဆုံးမှုတွေ ရှိသလို ရဲစခန်းအတွင်းက လက်နက်တွေ သိမ်းဆည်းရရှိထားတယ်လို့ သတင်းတွေ ဖော်ပြနေပေမယ့် အသေးစိပ်အခြေအနေကိုတော့ မသိရသေးပါဘူး။
 
ဒါ့အပြင် ရေဦးနယ်ဖက်မှတဆင့် စစ်ကောင်စီရဲ့ ခွေးဘီလူးစစ်ကြောင်းကတည်း တန့်ဆည်နယ် အနောက်ခြမ်းရှိ သပြေရင်း ကျေးရွာကို ပစ်ခတ်စီးနင်းနေပြီး ကံထူးမရွာဖက်ကို စစ်ကူဝင်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ – Social Media