အာဏာသိမ်းကာလ သုံးနှစ်အတွင်း ရွှေဆိုင်နဲ့ ဘဏ်ဓားပြတိုက်ခံရမှု ရှစ်ဆယ်ကျော်ရှိ

ဖေဖော်ဝါရီ၊ ၂၁
 
စစ်တပ်ကအာဏသိမ်းပြီးနောက်ပိုင်း သုံးနှစ်အတွင်း နိုင်ငံတ၀န်းမှာ ရွှေဆိုင်နဲ့ ဘဏ်ဓားပြတိုက်မှု ဖြစ်စဉ်ပေါင်း ၈၂ ခုအထိ ရှိခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ Data For Myanmar ရဲ့အချက်အလက်တွေအရ သိရပါတယ်။
 
အာဏာမသိမ်းမီက အဖြစ်နည်းခဲ့တဲ့ ရွှေဆိုင်တွေနဲ့ ဘဏ်တွေ လုယက်၊ ဓားပြတိုက်ခံရမှုတွေဟာ အာဏာသိမ်းပြီးနောက် သိသိသာသာတိုးလာခဲ့ပြီး သုံးနှစ်အတွင်း ဘဏ်အဆောက်အဦတွေထဲ ၀င်ရောက်လုယက်တဲ့ဖြစ်စဉ် ၂၅ ခုနဲ့ ရွှေဆိုင်တွေကို လုယက်မှု ၅၇ ခုအထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
 
ပုဂ္ဂလိကပိုင် ဘဏ်တွေကို လုယက်မှုဖြစ်စဉ်တွေဟာ အာဏာသိမ်းစ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း အများဆုံးဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်း တဖြေးဖြေးနဲ့ လျော့နည်းသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
 
ဒါပေမယ့် ရွှေဆိုင်တွေကို ဦးတည်လုယက်နေတဲ့ ဖြစ်စဉ်တွေကတော့ နိုင်ငံတ၀န်း တလကို ပျမ်းမျှတကြိမ်နှုန်း ရှိနေပြီး သုံးနှစ်အတွင်း မန္တလေးမြို့မှာ ၁၂ ကြိမ်နဲ့ အများဆုံးဖြစ်ခဲ့တယ်လို့ Data For Myanmar ရဲ့အချက်အလက်တွေက ဖော်ပြပါတယ်။
ဒါ့အပြင် စီးပွားရေးမြို့တော် ရန်ကုန်မှာတော့ ခြောက်ကြိမ်နဲ့ ဒုတိယအများဆုံးဖြစ်ခဲ့ပြီး ကချင်ပြည်နယ် ဖားကန့်ဒေသမှာ သုံးကြိမ်နဲ့ တတိယအများဆုံးဖြစ်ကာ စစ်ကိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းက မြို့တွေမှာလည်း ရွှေဆိုင်လုယက်ခံရမှုတွေ ဖြစ်ခဲ့ပါတယ်။
 
မန္တလေးမြို့ပေါ်က နာမည်ကျော်ရွှေဆိုင်အများစုက လုံခြုံရေးနဲ့ ၀န်ထမ်းအင်အား အများအပြားရှိတဲ့အပြင် ရွှေအရောင်းအ၀ယ် လုပ်သူတွေနဲ့ အချိန်ပြည့် လူများနေတတ်တာကြောင့် လုယက်၊ ဓားပြတိုက်သူတွေက လူနည်းတဲ့ ရွှေဆိုင်တွေကို ပစ်မှတ်ထားလေ့ရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက သုံးသပ်ပါတယ်။
 
“ရွှေဆိုင်အသေးလေးတွေကို ပစ်မှတ်ထားလုပ်တာ တွေ့ရတယ်၊ အဲလို ဆိုင်တွေက လုံခြုံရေး ဆိုဒ်က ကြည့်မယ်ဆိုရင်လည်း အားနည်းတယ် နောက်ပြီး သူတို့ လုယက်ပြီး အ၀င်အထွက် လုပ်လို့ လွယ်တဲ့ ဆိုင်တွေကို ရွေးချယ်တက်ကြတယ်” လို့ သူကပြောပါတယ်။
 
မန္တလေးမြို့အစွန်ဖြစ်တဲ့ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်နဲ့ ပုသိမ်ကြီးမြို့နယ်တွေမှာရှိတဲ့ ရွှေဆိုင်တွေက များသောအားဖြင့် ဆိုင်တံခါးပိတ်ပြီး အရောင်းအ၀ယ် ပြုလုပ်တာကို တွေ့ရသလို အရင်လို ရွှေထည်အများအပြား ခင်းကျင်းပြသရောင်းချတာမျိုး မဟုတ်တော့ဘဲ လိုအပ်တဲ့ ရွှေထည်ပစ္စည်းကိုသာ ထုတ်ရောင်းကြတော့တယ်လို့ မန္တလေးမြို့မှာ နေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် ကုမ္ပဏီ၀န်ထမ်းတဦးက ပြောပါတယ်။
 
“ ဆိုင်ကို သံတခါးတွေ သော့ပိတ်ထားတယ်၊ ကိုယ်လာမှဖွင့်ပေးတာပေါ့နော်၊ အထဲရောက်လည်း ကိုယ်ကဘာလုပ်ချင်တာလည်း လက်စွပ်ဆိုလည်း သူတို့သိမ်းထားတဲ့ ပစ္စည်းတွေ ထုတ်ပြပေးတာ အရင်လို ကောင်တာထဲ ခင်းပြတာမျိုး မလုပ်တော့ဘူး ” လို့ သူကဆိုပါတယ်။
 
ရွှေဆိုင်လုယက်မှု ဖြစ်စဉ်တွေအနက် နှစ်ဆယ်ရာခိုင်နှုန်းလောက်ကသာ ကျူးလွန်သူ တရားခံတွေကို ဖမ်ဆီးအရေးယူနိုင်တာကို တွေ့ရပြီး ကျန်ရှစ်ဆယ်ရာခိုင်နှုန်းကတော့ တရားခံ ဖမ်းဆီးရမိလေ့ မရှိဘူးလို့ Data For Myanmar က ဆိုထားပါတယ်။
 
ဒါ့အပြင် ကျူးလွန်သူတွေကို ကြည့်မယ်ဆိုရင် လူလေးဦး ပါ၀င်တဲ့ ဖြစ်စဉ် ၁၅ ခုနဲ့ အများဆုံးဖြစ်ခဲ့ပြီး လူနှစ်ဦး ပါ၀င်တဲ့ ဖြစ်စဉ် ၁၂ ခုနဲ့ တယောက်တည်း ကျူးလွန်တဲ့ ဖြစ်စဉ် ကိုးခု ရှိခဲ့တယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ – BBC
ပုံစာ – မန္တလေးမြို့က ဆယ်သန်းရွှေဆိုင် ယခုနှစ် ဇန်နဝါရီလက လုယက်ခံရစဥ်။