ဟိုပုံးမြို့ တိုက်ပွဲမှာ အလောင်းငါးလောင်းနဲ့ လက်နက် လေးလက် ရတယ်လို့ PNLA ဆို

ဖေဖော်ဝါရီ၊ ၂၁
 
ရှမ်းပြည်နယ်တောင်ပိုင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ငါးဦးရဲ့ အလောင်းနဲ့အတူ သေနတ်လေးလက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
 
“ စစ်ကောင်စီအလောင်းကော ပြည်သူစစ်အလောင်းကော အရောအနှော ငါးလောင်းတွေ့တာပေါ့နော်၊ သေနတ်တွေကတော့ MA စီးရီးတွေပေါ့၊ စစ်ကောင်စီက ပြည်သူ့စစ်တွေအတွက် ထုတ်ပေးတဲ့ သေနတ် ပုံစံမျိုးတွေပါ ” လို့ PNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာ၀န်ခံ ကိုခွန်ကျော်က DNA ကိုပြောပါတယ်။
 
မနေ့က ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက် ၁၁ နာရီလောက်ကနေ စတင်ပြီး ဟိုပုံးမြို့ တနေရာမှာ PNLA စစ်ကြောင်းကို စစ်ကောင်စီတပ်နဲ့ သူတို့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေက လာရောက်တိုက်ခိုက်တာကြောင့် ခြောက်နာရီကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
 
တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ပူးပေါင်းတပ်တွေ ပြန်လည်ဆုတ်ခွာသွားချိန် PNLA က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာအနီးကို နယ်မြေရှင်းလင်းရေး လုပ်ရာမှာ အလောင်းနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တာလို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်အနေနဲ့ သူတို့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ဒေသခံလူငယ်တွေကို ဖမ်းဆီးပြီး ပြည်သူ့စစ်အဖွဲ့ထဲ အတင်းအကျပ်၀င်ခိုင်းတာတွေအပြင် ကျေးရွာတွေမှာ အသက် ၁၈ နှစ်ပြည့်ပြီး လူငယ်တွေကို ပြည်သူ့စစ်ယူနီဖောင်း ၀တ်ဆင်ပေးပြီး ရှေ့တန်းကို စေလွှတ်တာတွေအပြင် ကင်းလှည့်ခိုင်းတာတွေကိုလည်း လုပ်နေတယ်လို့ ကိုခွန်ကျော်က ပြောပါတယ်။
 
“ ဒီလုပ်ရပ်တွေက ပြည်သူလူထူကို လူသားဒိုင်းလုပ်တာဖြစ်တယ်၊ စစ်ရာဇ၀တ်မှုကို ကျူးလွန်းတာလည်း ဖြစ်သလို လူခွင့်ရေးကို ချိုးဖောက်တာလည်း ဖြစ်တယ် အင်မတန် အောက်တန်းကျတဲ့ လုပ်ရပ်လို့ပြောလို့ရတယ် ” လို့ သူကဆိုပါတယ်။
 
ဒါ့အပြင် မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်က မဲနယ်တောင်ဒေသကို လက်နက်ကြီးနဲ့ အကြိမ်ပေါင်း ၅၇ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျောက္ကဆျား ကျေးရွာရှိ နေအိမ် ဆယ့်တလုံး ပျက်စီးသွားတယ်လို့ PNLA ကဆိုထားပါတယ်။
 
စစ်ကောင်စီတပ်ဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့၀င်တွေ မရှိတဲ့ ဒေသတွေကို လက်နက်ကြီးတွေနဲ့ အခုလို ရည်ရွယ်ချက်ရှိရှိ ပြည်သူကို ဦးတည်ပြီး နေ့စဉ် တိုက်ခိုက်နေသလို ဟိုပုံးမြို့ကတဆင့် ထမ်းဆန်းဂူဒေသဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုထားပါသေးတယ်။
 
ဆီဆိုင်မြို့နဲ့ ဟိုပုံးမြို့တို့ဟာ မိုင်လေးဆယ်လောက် ကွာဝေးပြီး စစ်တပ်က ဆီဆိုင်မြို့ကို ပြန်လည်ထိုး စစ်ဆင်ဖို့အတွက် ဟိုပုံးဘက်ကတဆင့် တိုက်ခိုက်မှုတွေ လုပ်နေတာဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက သုံးသပ်ပါတယ်။
 
“ ဆီဆိုင်က အခု PNLA က ထိန်းချုပ်ထားဆဲပဲလေ ဆိုက်ခေါက်ဘက်ကလည်း သူတို့ မြေပြင်စစ်ကြောင်းတွေ ၀င်မရတော့ လက်နက်ကြီးနဲ့ပဲ အဝေးကလှမ်းပစ်နေတာ အခုဟိုပုံးဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတာကလည်း စစ်တပ်က အဲ့ဘက် နယ်မြေစိုးမိုးချင်တဲ့သဘောရှိမယ် ” လို့ သူဆိုပါတယ်။
 
ဒီလ ၁၉ ရက်နေ့ တုန်းကလည်း ဆီဆိုင်မြို့အတွင်း ကျန်နေတဲ့ ပစ္စည်းတွေကို ၀င်ရောက်ယူဆောင်တဲ့ ဒေသခံတွေကို စစ်တပ်က ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ခုနှစ်ဦးသေဆုံးပြီး ဆယ်ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – PNLA