ဂီနီယာမှာ အာဏာသိမ်း စစ်တပ်က ကိုယ်တိုင် ခန့်အပ်ထားတဲ့ အစိုးရကို ဖျက်သိမ်း

ဖေဖော်ဝါရီ၊ ၂၁

ဂီနီယာမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ အစိုးရကို ဖျက်သိမ်းကြောင်း ရုတ်တရက် ကြေညာခဲ့ပါတယ်။

အစိုးရ အဖွဲ့ကို ဖျက်သိမ်းကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ အမိန့်ကို သမ္မတရုံး အတွင်းရေးမှူးချုပ် ဗိုလ်မှူးချုပ် အမာရာ ကာမာရာက ဖတ်ကြား ကြေညာခဲ့ပါတယ်။ အစိုးရကို ဘာကြောင့် ဖျက်သိမ်းသလဲ ဆိုတာနဲ့ အစိုးရသစ်ကို ဘယ်အချိန် ဖွဲ့စည်းမလဲ ဆိုတာကိုတော့ ကာမာရာက မှတ်ချက် မပေးခဲ့ပါဘူး။

စစ်တပ်က ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ အနေနဲ့ ပတ်စ်ပို့တ်တွေရော၊ ရုံးသုံး မော်တော်ယာဉ်တွေကိုပါ ပြန်အပ်ဖို့ အမိန့်ထုတ်ခဲ့သလို ဘဏ်စာရင်းတွေကိုပါ ထိန်းချုပ်ထားလိုက်ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကစလို့ နယ်စပ် အဝင်အထွက် အားလုံးကို အကန့်အသတ်မရှိ ယာယီ ပိတ်ထားဖို့ စစ်တပ်က ညွှန်ကြားခဲ့ပါတယ်။ အမိန့်အရ အစိုးရ ဝန်ကြီးဌာန အားလုံးဟာ အာဏာသိမ်း စစ်တပ်ရဲ့ အလုံးစုံ ထိန်းချုပ်မှုအောက်ကို ရောက်နေမှာဖြစ်ပြီး ဝန်ကြီးတွေအစား ညွှန်ချုပ်၊ ဒါမှမဟုတ် အဲဒီထက် ပိုနိမ့်တဲ့ အဆင့်မျိုး အရာရှိတွေက အစိုးရသစ် ရုပ်လုံးပေါ်မလာခင် ယာယီ ကိုင်တွယ်နေစေမယ်လို့ ဆိုပါတယ်။

အခု ဖျက်သိမ်းခံရတဲ့ အစိုးရကိုလည်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်မှူးကြီး မာမာဒီ ဒွမ်ဘူယာ ကိုယ်တိုင် စိတ်တိုင်းက ရွေးချယ်ပြီး ဘားနက် ဂူမူကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ထားခဲ့တာပါ။ ဒွမ်ဘူယာဟာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတုန်းက သမ္မတ အယ်လ်ဖာ ကွန်ဒီကို ဖြုတ်ချပြီး အာဏာသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

ကွန်ဒီက အငြင်းပွားစရာ အခြေအနေအဖြစ် တတိယသက်တမ်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်တွင်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေချိန် စစ်တပ်က ကြားဝင်ပြီး အာဏာသိမ်းခဲ့တာပါ။

ဂီနီယာအပြင် အာဖရိက အနောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွင်းက မာလီ၊ ဘာကီနာဖာဆို၊ နိုက်ဂျားနဲ့ ဂါဘွန် နိုင်ငံတွေဟာလည်း ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း စစ်အာဏာသိမ်းမှုတွေနဲ့ ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတယ်။

 

Ref: BBC