သုံးရက်အတွင်း ရုရှား တိုက်လေယာဉ် ခြောက်စီးကို ပစ်ချခဲ့တယ်လို့ ယူကရိန်းပြော

ဖေဖော်ဝါရီ၊ ၂၁

သုံးရက်အတွင်းမှာတင် ရုရှားရဲ့ ခေတ်မီ ဗုံးကြဲ တိုက်လေယာဉ် ခြောက်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

အနောက်မဟာမိတ် နိုင်ငံတွေဆီက စစ်လက်နက် ထောက်ပံ့မှုတွေ လတ်တလော ကျဆင်းနေချိန်မှာ ယူကရိန်း စစ်တပ်ဟာ ခဲယမ်းမီးကျောက်တွေကို အလွန်အကျွံ ချွေတာပြီး သုံးစွဲနေရပါတယ်။ အဲဒီ အခြေအနေက စစ်မြေပြင်မှာ အကျပ်အတည်းတွေ အများကြီး ကြုံရစေပါတယ်။

လေကြောင်း ကာကွယ်ရေး ကဏ္ဍကိုပါ တာဝန်ယူထားရတဲ့ ယူကရိန်း လေတပ်ဟာလည်း အမေရိကန်လုပ် Patriot ဒုံးခွင်းဒုံး စနစ်အတွက် ဒုံးကျည်တွေ အပါအဝင် ခဲယမ်းမီးကျောက်တွေကို ချွေချွေတာတာ သုံးနေရပါတယ်။ ဒါပေမဲ့ သုံးစွဲခွင့် ရသလောက်မှာ ထိရောက်တဲ့ ရလဒ်တွေကိုတော့ ပိုင်ဆိုင်လာစေခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။ 

ဖေဖော်ဝါရီ ၁၉ ရက်နေ့တုန်းက ယူကရိန်းဟာ ရုရှားရဲ့ SU-34 ဗုံးကြဲ တိုက်လေယာဉ်နဲ့ F-35S တိုက်လေယာဉ် တစီးစီကို ပစ်ချနိုင်ခဲ့တယ်လို့ ဝန်ကြီးဌာနက လူမှုကွန်ရက် မီဒီယာ Xမှာ ကြေညာခဲ့ပါတယ်။ အဲဒီ လေယာဉ်တွေ အပါအဝင် သုံးရက်အတွင်း SU-34 လေးစီးနဲ့ SU-35 နှစ်စီးကို ပစ်ချထားနိုင်ပြီး ဖြစ်တယ်လို့လည်း ယူကရိန်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ရုရှား တိုက်လေယာဉ် လေးစီးကို ပစ်ချနိုင်ခဲ့တယ် ဆိုတာကို ယူကရိန်း လေတပ် အကြီးအကဲ ဗိုလ်ချုပ် မိုင်ခိုလာ အိုလက်ရှ်ချော့ခ်ကလည်း သီးခြား အတည်ပြုထားပါတယ်။

လူမှုကွန်ရက် မီဒီယာတွေမှာတော့ ယူကရိန်း လက်ချက်မိပြီး ရုရှားတိုက်လေယာဉ်တစီး ပျက်ကျသွားတယ်လို့ ယူဆရတဲ့ မှတ်တမ်း ဗီဒီယိုတခု ပျံ့နှံ့နေတာကိုလည်း တွေ့ခဲ့ရပါတယ်။

အခု သီတင်းပတ် အစောပိုင်းထိ ရရှိထားတဲ့ စာရင်းအရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ဆင်နွှဲတဲ့ ကျူးကျော်စစ် ကာလတလျှောက် ရုရှားဟာ စစ်လေယာဉ် အမျိုးမျိုး စုစုပေါင်း ၃၃၆ စီးထိ ဆုံးရှုံးခဲ့ပြီး ဖြစ်တယ်လို့လည်း ယူကရိန်းက ကြေညာခဲ့ပါတယ်။

NATO စစ်မဟာမိတ် အဖွဲ့ကတော့ ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေး စွမ်းရည် တိုးတက်လာတာနဲ့အမျှ ရုရှားဟာ ဝေဟင်စိုးမိုးမှု တဖက်သတ် အသာစီး အခြေအနေကို တဖြည်းဖြည်း ဆုံးရှုံးလာနေတယ်လို့ သုံးသပ်ထားပါတယ်။ ပြီးတော့ NATO နိုင်ငံတွေဆီကနေ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေကို စတင် လက်ခံရရှိလာချိန်မှာ လေကြောင်း တိုက်ပွဲတွေရဲ့ ချိန်ခွင်လျှာမှာ ပိုမိုကြီးမားတဲ့ အလှည့်အပြောင်းတွေ ဖြစ်လာမယ်လို့လည်း ယူကရိန်းက ယုံကြည်နေပါတယ်။

 

Ref: Business Insider