လက်ရှိ AA ကဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေထဲမှာ ရခိုင်ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ဖို့ အမိန့်ပေး ခဲ့ တဲ့ အထက်အရာရှိကြီးတွေ၊အမိန့်ကိုအကောင်အထည်ဖော်ပြီး လူသတ်မှု ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
အဲ့ဒီပုဂ္ဂိုလ်တွေကို စစ်ခုံရုံးတင်ပြီးရခိုင့်တပ်တော်ရဲ့ ဥပဒေနဲ့ အညီ အပြစ်ပေးအရေးယူမယ်လို့ဖော်ပြထားတာပါ။ မတရားသဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသော မိသားစုဝင်များ၏ နစ်နာမှု၊တရားမျှတမှုတို့ကို ရရှိနိုင်ရေးအတွက် စစ် ရာဇဝတ်ကျူးလွန်သူတွေကို တရားနည်းလမ်းကျကျ စစ်ဆေးအပြစ်ပေးအရေးယူဆောင်ရွက်မယ်လို့ AA ကဆို ပါတယ်။
ရခိုင့်တပ်တော် AA ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ရက်ကနေ စတင်ခဲ့တဲ့ ပလက်ဝနဲ့ ရခိုင်ဒေသ တိုက်ပွဲတွေမှာထွက် ပြေးသူတွေ၊လက်နက်ချခဲ့သူတွေအပါအဝင် စစ်သုံ့ပန်းအများအပြားဖမ်းမိခဲ့တယ်လို့ မြေပြင်သတင်းတွေကလည်း ဆိုကြပြီး ဒီနေ့ AAရဲ့ ထုတ်ပြန်ချက်မှာလည်းထောင်ချီလို့ဖော်ပြထားပေမယ့် အရေအတွက်တိတိကျကျ ဖော်ပြတာ တော့မရှိပါဘူး။
အလားတူ လက်ရှိအထိ ဖမ်းမိထားသူတွေအတွင်း စစ်ရာဇဝတ်မှုကျူးလွန်တယ်လို့ သတ်မှတ်ခံရသူ ဘယ်နှဦး အ ထိ ပါဝင်နေတယ်ဆိုတာကိုလည်းဖော်ပြတာတော့မရှိသေးပါဘူး။
ပလက်ဝဒေသတခုလုံးနဲ့ ရခိုင်ပြည်နယ်အတွင်းက ပေါက်တော၊မြောက်ဦး၊ကျောက်တော်၊မင်းပြား၊မြေပုံ စတဲ့ မြို့ နယ်တွေကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့တဲ့ AA တပ်ဖွဲ့က စစ်ကောင်စီရဲ့ တပ်မမှူးတဦး၊ဗျူဟာမှူးတဦးတို့အပါအဝင် သုံ့ပန်းအများအပြားဖမ်းမိထားတယ်လို့ ဆိုထားတာပါ။
ရခိုင်နဲ့ပလက်ဝဒေသက တိုက်ပွဲတွေနဲ့ပတ်သက်လို့ အပြီးသတ်သိမ်းဆည်းနိုင်ခဲ့တဲ့ စစ်ကောင်စီစခန်းတွေကနေ သိမ်းဆည်းနိုင်ခဲ့တဲ့ လက်နက်ခဲယမ်းတွေကို AA နဲ့ AA ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကထုတ်ပြန် လေ့ရှိပေ မယ့် သုံ့ပန်းတွေဖမ်းဆီးရမိမှုအခြေအနေကိုတော့ အသေးစိတ်ထုတပြန်လေ့မရှိပါဘူး။
ဒါပေမယ့် စကခ (၉)တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ စကခ(၉)လက်အောက်ခံ နည်းဗျူဟာ(၃)ဗျူဟာမှူး ဒု ဗိုလ်မှူးကြီး ညီညီဝင်းတို့ကို အရှင်ဖမ်းမိထားတယ်ဆိုတာကိုတော့ AAက ဖေဖော်ဝါရီ ၁၄ရက်မှာ ထုတ်ပြန်ထားပါ တယ်။
စစ်ကောင်စီဟာရခိုင်ဒေသမှာသာမကအရပ်သားပြည်သူတွေကိုပစ်မှတ်ထားတိုက်ခိုက်တာ၊သတ်ဖြတ်တာတွေအပြင် စိတ်ပိုင်းဆိုင်ရာဒုက္ခမျိုးစုံကြုံစေတဲ့လုပ်ရပ်တွေကို နိုင်အနှံ့မှာ နေ့စဉ်ကျူးလွန်နေတယ်လို့ AA ပါဝင်တဲ့ ညီ နောင်မဟာမိတ်သုံးဖွဲ့က မနေ့ညက ထုတ်ပြန်ထားပါသေးတယ်။
ဒါကြောင့် အာဏာသိမ်းစစ်တပ်ဟာ စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး စစ်တပ်ဖြစ်တယ်လို့လည်း ညီနောင်သုံးဖွဲ့က ဝေဖန်ထားကြပါတယ်။
လက်ရှိရခိုင်တိုက်ပွဲ သုံးလကျော်ကြာ ကာလအတွင်းစစ်ကောင်စီက ပစ်ခတ်တဲ့ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဖမ်းဆီး၊ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးရတဲ့ အရပ်သား တရာဝန်းကျင်၊ထိခိုက်ဒဏ်ရာရသူ သုံးရာနီးပါး အထိ ရှိပြီလို့ ဒေသတွင်းလူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေတွေကိုစောင့်ကြည့်နေသူတွေကပြောထား ပါ တယ်။
အဲ့ဒီဖြစ်စဉ်တွေထဲက တချို့ရဲ့အထောက်အထားတွေကိုလည်း AA က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်ကောင်စီ စခန်း တွေနဲ့ ဖမ်းမိစစ်သုံ့ပန်းတွေဆီကနေ စစ်ဆေးပေါ်ပေါက်လာတာမျိုးတွေလည်းရှိနေပါတယ်။
စစ်ကောင်စီဟာ အွန်လိုင်းဆယ်လီတဦးနဲ့ သတင်းထောက်ဟောင်းတဦးအပါအဝင် အရပ်သား ခုနစ်ဦးကို မြောက် ဦးနဲ့ မင်းပြားမြို့တို့က စစ်ကောင်စီတပ်ရင်းတွေထဲ ချုပ်နှောင်ဖမ်းဆီးထားခဲ့ပြီးနောက် အချုပ်ခန်းထဲမှာပဲ မသေ မချင်းပစ်သတ်ခဲ့ကြောင်းအထောက်အထားတွေရှာဖွေတွေ့ရှိခဲ့တယ်လို့ AAက အခုလ ၁၁ရက်မှာ ထုတ်ပြန်ခဲ့ ပါတယ်။
ဒီကနေ့ ထုတ်ပြန်ချက်အတွင်း ရခိုင့်တပ်တော် AA က စစ်ကောင်စီကို “စစ်ရှုံးစစ်ကောင်စီ”လို့ သုံးနှုံးဖော်ပြခဲ့ပြီး စစ်သားပီပီသသ စစ်မြေပြင်မှာ တိုက်ခိုက်ရမယ့်အစား ပြည်သူတွေကိုဖမ်းဆီး၊ညှင်းပန်း၊နှိပ်စက်၊သတ်ဖြတ်၊ အ လောင်းဖျောက်တဲ့ စစ်ရာဇဝတ်မှုတွေကိုရှောင်ရှား ရပ်တန့်ဖို့အထူးသတိပေးတယ်ဆိုပြီးဖော်ပြထားပါတယ်။
အဲ့ဒီလုပ်ရပ်တွေကို ရှောင်ရှား၊ရပ်တန့်မှုမရှိဘဲ ဆက်လက်ကျူးလွန်နေမယ်ဆိုရင် လုပ်သင့်လုပ်ထိုက်တဲ့ ပြင်း ထန် ပြတ်သားသော တုံ့ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့လည်း ဆိုထားပါတယ်။
တဆက်တည်းမှာပဲ ရခိုင်ဒေသခံပြည်သူတွေအနေနဲ့ တိုက်ပွဲတွေကြောင့် ရန်ကုန်အပါအဝင် မြို့ကြီးတွေကို တိမ်း ရှောင်နေကြမယ့်အစား ရခိုင့်တပ်တော်ထိန်းချုပ်ထားပြီဖြစ်တဲ့ မြို့ရွာ၊ဒေသတွေကို ပြောင်းရွှေ့နေထိုင်ကြဖို့လည်း AA ကတိုက်တွန်းထားပါတယ်။
စစ်ကောင်စီထိန်းချုပ်ဒေသတွေဟာ အရင်ကတည်းက လုံခြုံရေး၊စားဝတ်နေရေး၊တရားဥပဒေစိုးမိုးရေး ယုတ် လျော့နေသလို လက်ရှိမှာလည်း ပိုမိုဆိုးရွားနေတဲ့အပြင် စစ်မှုထမ်းဥပဒေဂယက်လည်းရှိနေတာကြောင့် ရခိုင် ပြည်သူတွေအပါအဝင် အဖိနှိပ်ခံပြည်သူတရပ်လုံးအတွက် AA ထိန်းချုပ်ဒေသတွေဟာ အလုံခြုံဆုံးနေရာတွေ ဖြစ် တယ်လို့ ဖော်ပြထားပါတယ်။
photo AA Info desk