ပူတင်က ကင်ဂျုံအန်းကို ကားတစီး လက်ဆောင်ပေး

ဖေဖော််ဝါရီ၊ ၂၀

ခင်မင်ရင်းနှီးမှု သင်္ကေတအဖြစ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ကားတစီး လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီကားဟာ ကင်ရဲ့ ပုဂ္ဂိုလ်ရေး အသုံးပြုဖို့ ရည်ရွယ်ပြီး ဘက်ပေါင်းစုံ အထူးတလည် စဉ်းစား ဖန်တီးပေးထားတဲ့ ရုရှားပြည်တွင်းဖြစ် လက်ရာလို့ မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာက ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

ပူတင်က လက်ဆောင်အဖြစ် ပေးအပ်တဲ့ကားကို ရုရှား သံအဖွဲ့တခုက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ လွှဲပြောင်းပေးခဲ့တယ်လို့လည်း မြောက်ကိုရီးယားရဲ့ KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ကင်ရဲ့ လက်ရုံးတဦးလည်းဖြစ်၊ အစိုးရ အဖွဲ့ထဲမှာ ဩဇာညောင်းတဲ့ အရာရှိ တဦးလည်းဖြစ်တဲ့ ကင်ယိုဂျောင်က ပူတင်ရဲ့ လက်ဆောင်အတွက် အစ်ကိုဖြစ်သူကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အခုလို လက်ဆောင်ပေးခြင်းဟာ နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား ခင်မင်ချစ်ကြည်မှုကို ပိုမိုထင်ဟပ် မြင်သာစေတယ်လို့လည်း KCNAက ညွှန်းဆိုသွားပါတယ်။

 အမေရိကန် ထောက်လှမ်းရေးကတော့ ပြီးခဲ့တဲ့ နှစ်ကစလို့ ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြားက ဆက်ဆံရေးဟာ လျှို့ဝှက် သိမ်မွေ့ပြီး တရိပ်ရိပ် အားကောင်းလာနေတယ်လို့ သုံးသပ်ထားပါတယ်။ အဲဒီ အခြေအနေကို အကြောင်းပြုပြီး မြောက်ကိုရီးယားက ရုရှားအတွက် ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့ စစ်လက်နက်တွေ အလုံးအရင်း ထောက်ပံ့ပေးလာမှာကိုလည်း အမေရိကန်က စိုးရိမ်နေပါတယ်။ 

ပြီးခဲ့တဲ့ လတုန်းကလည်း မြောက်ကိုရီးယားနဲ့ ရုရှား ထိပ်တန်း သံတမန် အဖွဲ့တွေဟာ​ မော်စကိုမှာ တွေ့ဆုံပြီး ပူတင်ရဲ့ ပြုံယမ်းမြို့တော် အလည်အပတ် ခရီးစဉ်အတွက် ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။ မနှစ်က စက်တင်ဘာ လတုန်းကတော့ ကင်ဟာ ရုရှားနိုင်ငံကို သွားရောက်ပြီး ပူတင်နဲ့ တွေ့ဆုံခဲ့သလို ရုရှားရဲ့ လက်နက် စက်ရုံတွေနဲ့ အာကာသ သိပ္ပံဌာနတွေကို သွားရောက် လေ့လာခဲ့ဖူးပါတယ်။

 

Ref: CNN