ဖေဖော်ဝါရီ၊ ၂၀
တရုတ် စစ်တပ်ဟာ တိုက်လေယာဉ်တွေကို ရန်သူ့ရေဒါနဲ့ ထောက်လှမ်းလို့ လုံးဝနီးပါး မရနိုင်လောက်တဲ့ ကိုယ်ပျောက် စွမ်းရည်မျိုး အားဖြည့်ပေးမယ့် နည်းပညာသစ်ကို တီထွင်နေပြီး တိုးတက်မှုတွေ ရရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီ ပလာစမာ ဓာတ်ပစ္စည်း ထုတ်လွှတ်ပေးမယ့် ကိရိယာကြောင့် လေယာဉ်ဟာ ရန်သူ့ ရေဒါမြင်ကွင်းမှာ လုံးဝနီးပါး ပျောက်ကွယ်နေမယ်လို့ တရုတ်နိုင်ငံ အနောက်ပိုင်းမှာ အခြေစိုက်တဲ့ သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေက ပြောပါတယ်။ အရင်ကတည်းက အသုံးပြုနေတဲ့ ကိုယ်ပျောက် နည်းပညာဟာ လေယာဉ်ဘေးနား တဝိုက်မှာ ပလာစမာ တိမ်တိုက်တွေကို ထုတ်လွှတ်ပေးနေပေမယ့် လေယာဉ် ထိပ်ဖူးက ရေဒါစနစ်၊ လေယာဉ်မှူးခန်းတို့လို နေရာတွေကို ရန်သူ့ရေဒါ ထောက်လှမ်းမှုကနေ ကာကွယ်ပေးနိုင်စွမ်း အားနည်းပါတယ်။
အခု တီထွင်နေတဲ့ စနစ်ကတော့ လေယာဉ် တစီးလုံးကို ကိုယ်ပျောက်စွမ်းရည် ထောက်ပံ့ပေးဖို့ထက် အရေးကြီးတဲ့ အစိတ်အပိုင်းတွေ၊ ကနဦး နည်းပညာနဲ့ အကာအကွယ်ပေးနိုင်စွမ်း နည်းပါးတဲ့ ဧရိယာတွေကို အဓိက ကာကွယ်ပေးဖို့ ရည်ရွယ်ထားတာလို့ ဆိုပါတယ်။ တနည်းအားဖြင့် နည်းပညာ နှစ်ခုပေါင်းစပ်ပြီး လေယာဉ်တစီးလုံးကို ရေဒါနဲ့ ထောက်လှမ်းဖို့ လုံးဝ မဖြစ်နိုင်လုနီးပါး အဆင့်ထိ မြှင့်တင်နိုင်မယ့် သဘောလို့ ဒီပရောဂျက်ကို ဦးဆောင်နေတဲ့ ပညာရှင် တဦးဖြစ်သူ တန်ချန်းက ရှင်းပြပါတယ်။
အခုနည်းပညာသစ်ကို နာမည်အတိအကျတော့ မသတ်မှတ်ရသေးပါဘူး။ ပလာစမာဟာ လျှပ်ကူးထားတဲ့ အမှုန်လေးတွေကို သတ်မှတ်ထားတဲ့ နည်းလမ်းတွေအတိုင်း လျှပ်စစ်သံလိုက် လှိုင်းတွေနဲ့ ထိတွေ့စေတာမျိုး ဖြစ်ပါတယ်။ ရေဒါလှိုင်းတွေက လာရောက် ရိုက်ခတ်ချိန်မှာ အဲဒီ ပလာစမာ အမှုန်လေးတွေနဲ့ ပွတ်တိုက်မိရင် ပဲ့တင်ရိုက်ခတ်မှု လှိုင်းတွေကို သိသိသာသာ လျှော့ချပေးဖို့ ရည်ရွယ်ထားတာပါ။ အကျိုးဆက် အနေနဲ့ လေယာဉ်ရဲ့ တည်နေရာကို ရေဒါက ထောက်လှမ်းဖို့ ခက်ခဲသွားစေမှာ ဖြစ်ပါတယ်။
တရုတ်ဟာ ကိုယ်ပျောက်နည်းပညာ ပေါင်းစပ်ပါဝင်ပြီး ပဉ္စမမျိုးဆက်လို့ သတ်မှတ်နိုင်တဲ့ တိုက်ပွဲဝင်အဆင့် တိုက်လေယာဉ်တွေ ဖန်တီး တည်ဆောက်ထားတဲ့ လက်တဆုပ်စာ မပြည့်တဲ့ နိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။ တရုတ်က J-20 Mighty Dragon ကိုယ်ပျောက် တိုက်လေယာဉ်တွေ ပိုင်ဆိုင်ထားပြီး ရုရှားကလည်း SU-57တွေကို လက်တွေ့ ထုတ်လုပ်နေပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ နည်းပညာ အမြင့်ဆုံး ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်တွေအဖြစ် အမေရိကန်ရဲ့ F-22နဲ့ F-35တို့က ဦးဆောင် ရပ်တည်နေဆဲ ဖြစ်ပါတယ်။
Ref: SCMP