မံစီရှိ စစ်ကောင်စီရဲ့စီခမ်းကြီးတပ်စခန်းကို KIA၊ AA ပူးပေါင်းတပ်က သိမ်းပိုက်

ဖေဖော်ဝါရီ၊ ၁၉
 
မံစီမြို့နယ်ရှိ စစ်ကောင်စီရဲ့ စီခမ်းကြီးတပ်စခန်းကို ဒီကနေ့ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁၁ နာရီလောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်တွေက သိိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
 
ကချင်နဲ့ ရှမ်းမြောက်အစပ်ရှိ စစ်ရေးဗျူဟာအရ အရေးပါတဲ့စစ်ကောင်စီရဲ့ “စီခမ်းကြီးစခန်း” ကို KIA၊ AA ပူးပေါင်းတပ်က ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၅) နာရီမှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ထိုးစစ်စတင်ပြီး သုံးရက်မြောက်မှာ စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
 
“သိမ်းလိုက်နိုင်တာတော့ ဟုတ်တယ်။ အပေါ်ကိုတော့ သတင်းမရောက်သေးဘူး” လို့ KIA သတင်းရင်းမြစ်တဦးက DNA ကိုပြောပါတယ်။
 
စခန်းသိမ်းတိုက်ပွဲ အခြေအနေနဲ့ပတ်သတ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ထံဆက်သွယ်ပေမယ့် အဆက်အသွယ်မရရှိသေးပါဘူး။
 
ဗိုလ်မှူးကြီးနော်ဘူက တိုက်ပွဲနဲ့ပတ်သက်လို့ သတင်းမရရှိသေးဘူးလို့ ဒေသတွင်းအပါအဝင် သတင်းဌာနတချို့ကို ဖြေကြားထားတာလည်း တွေ့ရပါတယ်။
 
စစ်ကောင်စီဖက်က စီခမ်းကြီးစခန်း မကျဆုံးစေရေးအတွက် လေကြောင်းပစ်ကူများကို တောက်လျှောက်သုံးကာ ခုခံကာကွယ်လို့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့လည်း AAက ဖေဖော်ဝါရီ ၁၇ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီက စစ်ရေးအရေးနိမ့်ပါက အရပ်သားပစ်မှတ်၊ ရပ်ရွာများကို လုပ်နေကျပုံစံအတိုင်း လေကြောင်းက ဦးတည်တိုက်ခိုက်ခဲ့လို့ စီခမ်းကြီးရွာမှ ပြည်သူ (၅) ဦး သေဆုံးကာ (၃၀) ကျော်အထိ ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
 
စီခမ်းကြီးစခန်းမှာ စစ်ကောင်စီအင်အား နှစ်ရာနီးပါး ရှိနိုင်တယ်လို့လည်း KIA၊ AA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း မံစီမြို့နယ်၊ ကိုက်ထိပ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA က သိမ်းပိုက်ခဲ့ပါတယ်။
 
ဒါ့အပြင် မန်ဝိန်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း KIA ဇန်နဝါရီလ ၂၁ ရက်နေ့က သိမ်းယူထားပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – မဘိန်းမြို့သိမ်းတိုက်ပွဲမှာတွေ့ရတဲ့ KIA နဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)