ပါပူအာ နယူးဂီနီက မျိုးနွယ်စုတွေကြား ပဋိပက္ခမှာ လူပေါင်း ခြောက်ဆယ်ကျော် သတ်ဖြတ်ခံရ

ဖေဖော်ဝါရီ၊ ၁၉

ပါပူအာ နယူးဂီနီ နိုင်ငံမှာ မျိုးနွယ်စု ရန်ပွဲတွေကို အကြောင်းပြုပြီး လူပေါင်း ၆၀ ကျော်လောက် အစုလိုက် သတ်ဖြတ်မှု ခံခဲ့ရကြောင်း သိရပါတယ်။

အန်ဂါ ဒေသက တောင်ထူထပ်ရာ ဧရိယာ တခုမှာ အဲဒီ လူစုလူဝေးဟာ အလစ်အငိုက် စီးနင်းတိုက်ခိုက်ပြီး ပစ်သတ်တာ ခံခဲ့ရတာလို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တဦးက ပြောပါတယ်။ အဲဒီ တောင်ပေါ်ဒေသတွေမှာ အကြမ်းဖက် ရန်လိုမှု ဖြစ်စဉ်တွေ သမိုင်းကြောင်း ရှည်ရှည်လျားလျား ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ပေါ်ပေါက်ခဲ့တဲ့ ကိစ္စကတော့ နှစ်ပေါင်းအတော်ကြာ ကာလအတွင်း အဆိုးဆုံး ဖြစ်လာပါတယ်။

ပါပူအာမှာ နယ်မြေ ခွဲဝေသတ်မှတ်မှု၊ သယံဇာတ ရင်းမြစ်တွေ ထိန်းချုပ်လိုမှုကို အကြောင်းပြုပြီး တိုင်းရင်းသား မျိုးနွယ်စုတွေကြား ပဋိပက္ခတွေ၊ ရန်လို သတ်ဖြတ်မှုတွေ မျိုးဆက်နဲ့ချီ ရှိခဲ့ပါတယ်။ အခုအခါ တရားမဝင် စစ်လက်နက်တွေ မှောင်ခို တင်သွင်းတာတွေ များပြားလာခြင်းကြောင့် အဲဒီ ပဋိပက္ခတွေမှာ သေဆုံးသူ အရေအတွက်ကလည်း ပိုများလာပါတယ်။

ရဲတွေဟာ မြို့တော် ပို့တ် မိုရက်စ်ဘီရဲ့ အနောက်မြောက်ဖက် ကီလိုမီတာ ၆၀၀ လောက် အကွာက ဝါဘက်ဂ် မြို့နားမှာ အခင်းဖြစ်ရာ နေရာအနှံ့ ပျံ့ကြဲနေတဲ့ အလောင်းတွေကို စုစည်းကောက်ယူခဲ့ရပါတယ်။ အန်ဂါမှာသာ မကဘဲ တောင်ပေါ်ဒေသတွေမှာ ကြုံဖူးသမျှ အဆိုးဆုံး သတ်ဖြတ်မှု တခုလို့ ပါပူအာ နယူးဂီနီ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တဦးက ဆိုပါတယ်။

ဘယ်တိုင်းရင်းသား အစုအဖွဲ့တွေကြား အခုလို ရန်လို တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့သလဲ ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။ အန်ဂါမှာ ပြဿနာတွေ ဆိုးရွားလာတဲ့နောက် ရဲတပ်ဖွဲ့က ဇူလိုင်လကစလို့ ၃ လကြာ Lockdown ကြေညာပြီး ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရဖူးပါတယ်။

ပါပူအာ နယူးဂီနီ တောင်ပေါ်ဒေသတွေမှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေထဲက ၁၇ ခုလောက်ထိ လတ်တလော ပဋိပက္ခတွေမှာ ဆက်စပ် ပါဝင်နေပါတယ်။ ပါပူအာ နယူးဂီနီရဲ့ အရင်းနှီးဆုံး အင်အားကြီး မဟာမိတ် နိုင်ငံဖြစ်တဲ့ ဩစတြေးလျက အခုသတ်ဖြတ်မှုတွေဟာ အရမ်း ရက်စက်ပြီး စက်ဆုပ်စရာ ဖြစ်နေတယ်လို့ ရှုတ်ချခဲ့ပါတယ်။

ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နိစ်က ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နိုင်အောင် ပါပူအာ နယူးဂီနီ အာဏာပိုင်တွေကို လိုအပ်တဲ့ အထောက်အပံ့တွေ ကူညီပေးပို့သွားမယ်လို့လည်း ပြောကြားသွားပါတယ်။

 

Ref: BBC