မန္တလေး ပတ်စ်ပို့ရုံးမှာ လူအုပ်ပိပြီး အမျိုးသမီးနှစ်ဦးသေဆုံး

ဖေဖော်ဝါရီ၊ ၁၉
 
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ၆၆ လမ်းနဲ့ ၆၅ လမ်းကြား ၁၂ လမ်းပေါ်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးမှာ ဒီကနေ့ မနက်၂ နာရီကျော်လောက်က နေရာတန်းစီရင်း အမျိုးသမီးနှစ်ဦး လူပိကာ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ ဖြစ်တာက ပတ်စ်ပို့ ရုံးထဲဝင်ဖို့ နေရာလု တန်းစီကြရင် အကုန်လဲကုန်ကြတာ။ အောက်ဆုံးရောက်သွားတဲ့အမျိုးသမီး သုံးဦးက အသက်ရူကြပ်သွားတာ ဆေးရုံပို့ရင်း နှစ်ဦးဆုံးသွားတယ် “ လို့ ဖြစ်စဉ်ကိုသိရှိနေတဲ့ ဒေသခံတဦးက ပြောပါတယ်။
 
သေဆုံးသူနှစ်ဦးဟာ မန္တလေးမြို့ ညောင်ကွဲရပ်မှာ နေထိုင်တဲ့ အသက် ၅၂ နှစ်အရွယ် ဒေါ်ခင်မျိုးအေး နဲ့ အသက် ၃၉ နှစ်အရွယ် မခိုင်ဝေ တို့နှစ်ဦးဖြစ်ပြီး မဌေးဌေးဝင်း ဆိုသူ အမျိုးသမီးမှာလည်း ခြေထောက်ကျိုးသွားတယ်လို့ ဆိုပါတယ်။
 
မန္တလေးမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးက တန်းစီစနစ်ဖြင့် ရုံးအတွင်း ဝင်ရောက်ကာ ပတ်စ်ပို့ အသစ်လုပ်တာ လဲလှယ်တာတွေနဲ့ သက်တမ်းတိုးတာတွေကို ပြုလုပ်ပေးနေတာလို့ သူကဆိုပါတယ်။
 
အဲဒီရုံးက မန္တလေးတိုင်းအတွင်းရှိ မြို့နယ်တွေအတွက်သာ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့အတွက် အနယ်နယ်ရပ်ရပ်ရှိ ဒေသခံတွေဟာ ရုံးရှေ့မှာ ညအိပ်စောင့်ရင် တန်းစီနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
“ တနေ့ကို လာတန်းတဲ့သူက ထောင်ဂဏန်းလောက်ရှိတယ်။ ရုံးကလုပ်ပေးတာက တရက်ကို နှစ်ရာလောက်ပဲဆိုတော့ ဘယ်လိုမှအဆင်မပြေဖြစ်နေတာပေါ့။ နောက်ပြီး တကယ်လိုချင်သူတွေထက် နေရာတန်းရောင်းစားတဲ့သူတွေနဲ့ဆိုတော့ ပိုဆိုးတယ် “ လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ နိုင်ငံကူးလက်မှတ်လုပ်လာသူတဦးက ပြောပါတယ်။
 
နိုင်ငံကူးလက်မှတ် ရရှိဖို့အတွက် နေရာကို တန်းစီရောင်းချနေတာဖြစ်ပြီး ကျပ်သုံးသိန်းကနေ ကျပ်ဆယ်သိန်းအထိ ပေါက်စျေးရှိတယ်လို့ သူကဆိုပါတယ်။
 
စစ်ကောင်စီက အသက် ၁၈ နှစ်ပြည့်သူတွေ စစ်မှုမထမ်းမနေရဥပဒေ ပြဌာန်းပြီးတဲ့ နောက်ပိုင်း လူငယ်လူရွယ်တွေနဲ့ နိုင်ငံခြားကို ပညာသင်ဖို့နဲ့ အလုပ်လုပ်ဖို့အတွက် ကြိုးစားလာတာကို တွေ့ရပါတယ်။
 
ဓာတ်ပုံ – နန်းတော်ရှေ့