ရခိုင်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီ အရေးပါတံတားများကို ဖျက်ဆီးပြီး ခုခံစစ်ပြင်

ဖေဖော်ဝါရီ၊ ၁၈
 
စစ်ကောင်စီမှာ ရခိုင်ပြည်နယ်ရှိ အရေးပါတဲ့ စခန်းအားလုံးကို လက်လွတ်ဆုံးရှုံးတော့မယ့်အခြေအနေ ရောက်ရှိနေပြီး ခုခံစစ်ပြင်ဆင်တဲ့ အနေနဲ့ တံတားတွေကို ဖောက်ခွဲဖျက်ဆီးနေတယ်လို့ ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်ပါတယ်။
 
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီအနေနဲ့ စခန်းတစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရတဲ့အပြင် အခြားသောစခန်းများမှာလည်း လက်လွှတ်ဆုံးရှုံးရန် လက်တစ်ကမ်းအနေအထားသို့ ရောက်ရှိနေပြီလို့ ဖေဖော်ဝါရီ ၁၇ ရက် ရက်စွဲနဲ့ထုတ်ပြန်ခဲ့တာပါ။
 
စစ်ကောင်စီရဲ့ စစ်ရေးအရနဲ့ မဟာဗျူဟာအရ အရေးပါတဲ့ စခန်းကြီး၊ စခန်းငယ်များမှာလည်း မနှေးမကြာ လက်လွှတ်ဆုံးရှုံးရမယ့် အခြေအနေကို ထင်ရှားစွာ တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် လက်နက်ချအညံ့မခံတဲ့ စခန်းတိုင်းကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေလို့ ဒေသအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေတယ်လို့ ဖော်ပြပါတယ်။
 
ခုခံစစ်ကို တစ်ဆင့်ချင်း ပြင်ဆင်နေတဲ့ စစ်ကောင်စီမှာ ရက္ခိုင့်တပ်တော်အား ကုန်းလမ်းများမှနေ အလွယ်တကူ ဝင်ရောက်လာနိုင်ခြင်း မရှိစေရန်အပြင် အခြားယုတ်မာသော ရည်ရွယ်ချက်များကို အကောင်အထည်ဖော်သောအနေနဲ့ တံတားများကို ဖောက်ခွဲဖျက်ဆီးတဲ့လုပ်ငန်းများကို ရခိုင်သာမက ရှမ်းမြောက်ဒေသနဲ့ အခြားသောနေရာများမှာပါ ခပ်စိပ်စိပ်လုပ်ဆောင်လာနေတယ်လို့ ဆိုပါတယ်။
 
ဖေဖော်ဝါရီလ (၁၆) ရက်မှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ မအီမြို့အနီးရှိ မအီတံတား၊ ဖေဖော်ဝါရီလ (၁၇) ရက်မှာ မအီ-ကျောက်ဖြူ ကားလမ်းမရှိ မအီမြို့အနီး ကျောက်ကြီးပေါက်တံတားတွေကို စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီးခဲ့တာပါ။
 
ဒါ့အပြင် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ကလည်း စစ်တွေ-ရန်ကုန် ကားလမ်းမ စစ်တွေမြို့အဝင် မင်းချောင်း (ခေါ်) အမြင့်ကျွန်းတံတားကိုလည်း စစ်ကောင်စီမှ ဖောက်ခွဲဖျက်ဆီးခဲ့ပါသေးတယ်။
 
” အဓိကကတော့ တပ်တော်ဖက်က အလွယ်တကူ ဝင်မတိုက်နိုင်အောင် စစ်မဆင်နိုင်အောင်၊ နောက်တခုက ဆက်သွယ်ရေးလမ်းတွေ ပြတ်တောက်တော့ ကုန်စျေးနှုန်းကအစ စျေးကြီးပြီး ပြည်သူတွေ အခက်တွေအောင်ပေါ့” လို့ ဒေသတွင်းသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။
 
ကျောက်တော်မြို့ ရန်ကုန်- စစ်တွေ ကားလမ်းမရှိ ကစ္ဆပနဒီတံတားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ဗုံးကြဲထားတာ ဖြစ်ပါတယ်။
 
အဲဒီတံတားတွေက အရပ်သားပြည်သူများမှ ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် အဓိကအားကိုးအားထား သွားလာနေရသည့် တံတားများ ဖြစ်တယ်လို့ AA ကဆိုပါတယ်။
 
လက်ရှိမှာတော့ ရခိုင်ပြည်နယ် ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်ဖြူနဲ့ ရမ်းဗြဲဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
တကျော့ပြန်တိုက်ပွဲ သုံးလတာအတွင်းမှာ AAက ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်မှ မြို့နယ် ၆ ခုအပြင် စစ်ကောင်စီတပ်စခန်း အများအပြားကို သိမ်းပိုက်ထားခဲ့တာပါ။
 
ဓာတ်ပုံ – AA Info Desk