မံစီရှိ စစ်ကောင်စီရဲ့စီခမ်းကြီးတပ်စခန်းကို KIA နဲ့ AA ပူးပေါင်းထိုးစစ်ဆင်

ဖေဖော်ဝါရီ၊ ၁၈
 
မံစီမြို့နယ်ရှိ စစ်ကောင်စီရဲ့ စီခမ်းကြီးတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
 
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်မှာ မဟာမိတ် KIA နှင့် ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ “စီခမ်းကြီးစခန်း” အား ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၅) နာရီမှ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
 
AA က ရခိုင်ပြည်နယ်မှာ စစ်ကောင်စီကို ထိုးစစ်ဆင်နေသလို ကချင်၊ ရှမ်းမြောက် ဒေသတွေမှာလည်း မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတာပါ။
 
စစ်ကောင်စီဖက်က စီခမ်းကြီးစခန်း မကျဆုံးစေရေးအတွက် လေကြောင်းပစ်ကူများကို တောက်လျှောက်သုံးကာ ခုခံကာကွယ်နေလို့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင်စစ်ကောင်စီက စစ်ရေးအရေးနိမ့်ပါက အရပ်သားပစ်မှတ်၊ ရပ်ရွာများကို လုပ်နေကျပုံစံအတိုင်း လေကြောင်းက ဦးတည်တိုက်ခိုက်ခဲ့လို့ စီခမ်းကြီးရွာမှ ပြည်သူ (၅) ဦး သေဆုံးကာ (၃၀) ကျော်အထိ ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
 
စခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ပူးပေါင်းတပ်တွေက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း မံစီမြို့နယ်၊ ကိုက်ထိပ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA က သိမ်းပိုက်ခဲ့ပါတယ်။
 
ဒါ့အပြင် မန်ဝိန်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း KIA ဇန်နဝါရီလ ၂၁ ရက်နေ့က သိမ်းယူထားပါတယ်။
 
ဓာတ်ပုံ – NUG
ပုံစာ – မံစီမြို့နယ်မှာ ဇန်နဝါရီလအတွင်း သိမ်းပိုက်ခဲ့တဲ့ စစ်ကောင်စီစခန်းတွေကို KIA စစ်ဦးစီးချုပ်နဲ့ NUG ကာကွယ်ရေးဝန်ကြီး စစ်ဆေးနေစဥ်