စစ်မှုထမ်း ဥပဒေကြောင့် ထွက်ပြေးတဲ့ လူငယ်တွေ ဒါဇင်နဲ့ချီ ထိုင်းနယ်စပ်မှာ အဖမ်းခံရ

ဖေဖော်ဝါရီ ၊ ၁၇

နှစ်နိုင်ငံ နယ်စပ်မှာ ဒါဇင်နဲ့ချီ များပြားတဲ့ မြန်မာလူငယ်တွေ တရားမဝင် ဖြတ်ကျော် ဝင်ရောက်လာတာကို ဖမ်းဆီး ရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

 ဖေဖော်ဝါရီ ၁၆ ရက်နေ့က တက်ခ်ဒေသထဲက မဲဆောက်မြို့မှာ ဖမ်းဆီးရမိတဲ့ လူငယ်တွေဟာ မြန်မာ စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ စစ်မှုမထမ်း မနေရ ဥပဒေကြောင့် ထွက်ပြေးလာသူတွေ ဖြစ်နိုင်ကြောင်း ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

 ဖမ်းဆီးရမိတဲ့ သူတွေဟာ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၄ ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား ၂၇ ဦးဖြစ်ပြီး အားလုံး လူငယ်တွေလို့ ဆိုပါတယ်။ သူတို့ကို မဲဆောက်မှာရှိတဲ့ ရတ်ချာမာနူ နယ်စပ်လုံခြုံရေး အထူးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

 လူငယ်တွေက မြဝတီကနေတဆင့် နယ်စပ်ကိုဖြတ်ပြီး မဲဆောက်ကို ​ဝင်ရောက်ခဲ့တာဖြစ်ကြောင်း၊ ပြီးတော့ လူမှောင်ခို အေးဂျင့်တွရဲ့ အကူအညီနဲ့ တောလမ်းတခုကနေ ထိုင်းနိုင်ငံ ပိုင်နက်ထဲထိ ဝင်ရောက်နိုင်ခဲ့ကြောင်း ထွက်ဆိုပါတယ်။

 အခုသီတင်းပတ် အစောပိုင်းကလည်း အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၁၆ ဦးပါတဲ့ မြန်မာလူငယ် အစုအဖွဲ့ တခုကို တက်ခ်မှာရှိတဲ့ ဖော့ဖရားဒေသမှာ ထိုင်းနယ်ခြားစောင့် အာဏာပိုင်တွေက ဖမ်းဆီး ရမိခဲ့ပါသေးတယ်။ ထိုင်းမှာ မြန်မာနဲ့ ထိစပ်ပြီး နယ်စပ်ဖြတ်ကျော် ဝင်ရောက်ဖို့ အဆင်ပြေတဲ့ နယ်မြေ ၅ ခုရှိတယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။

 မြန်မာ စစ်တပ်က စစ်မှုမထမ်းမနေရ အမိန့်ကို ထုတ်ပြန်လိုက်တဲ့နောက် ထိုင်းဖက်ကို ရရာနည်းလမ်းနဲ့ ထွက်ပြေးခိုလှုံလာတဲ့ လူငယ် အရေအတွက်က တိုးပွားလာပြီး လစဉ် ၅၀၀၀ လောက်ထိ များပြားလာနိုင်တယ်လို့ ထိုင်းမီဒီယာတွေက ခန့်မှန်း ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အမျိုးသား ကာကွယ်ရေး တာဝန်တွေကို ထမ်းဆောင်ဖို့ တလကို လူအင်အား ၅၀၀၀ လောက် စုရုံးခေါ်ယူသွားနိုင်တယ်လို့ ပြောကြားထားပါတယ်။ စစ်တပ်က အသက်သွင်းလိုက်တဲ့ စစ်မှုထမ်း ဥပဒေမှာ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား အမျိုးသားတွေ၊ အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်ကြား အမျိုးသမီးတွေဟာ ၂ နှစ်ကနေ ၅ နှစ်ထိ စစ်မှုထမ်းရမယ့် အခြေအနေ ရှိနေပြီး ရှောင်လွှဲရင် ထောင်ဒဏ် ကျခံရနိုင်ခြေ ခြိမ်းခြောက်မှုမျိုးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

 Ref: Nation