နိုင်ငံအရှေ့ဖျားက အချက်အခြာကျတဲ့ မြို့တခုကို ယူကရိန်း စွန့်လွှတ်ရ

ဖေဖော်ဝါရီ ၊ ၁၇

ယူကရိန်း စစ်တပ်ဟာ နိုင်ငံ အရှေ့ဖျားက မဟာဗျူဟာအရ အချက်အခြာကျတဲ့ အက်ဗ်ဒစ်ဗ်ကာ မြို့ကနေ စတင် ဆုတ်ခွာနေရပြီလို့ အတည်ပြုခဲ့ပါတယ်။

 တချိန်က စက်မှုလုပ်ငန်း ထွန်းကားခဲ့တဲ့ မြို့လေးဟာ ရုရှားရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ထောင်းထောင်းကျေနေပြီ ဖြစ်ပြီး အခုတော့ ရန်သူရဲ့ မြေပြင် တပ်တွေကပါ ပိတ်ဆို့ ဝန်းရံလာတာကြောင့် ယူကရိန်း ခုခံရေးတပ်တွေ ဆုတ်ခွာဖို့ နာနာကျင်ကျင် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

 ယူကရိန်းရဲ့ စစ်ဦးစီးချုပ်သစ် ဖြစ်လာသူ အိုလက်ဇန်ဒါ ဆာစကီက တကယ်လို့ မြို့ကို အလုံးစုံ ပိတ်ဆို့ ဝန်းရံခံရရင် တပ်ဖွဲ့ဝင်တွေ လွတ်လမ်းမရှိဘဲ သေဆုံးကုန်မှာ ဖြစ်တာကြောင့် အဲဒီ အခြေအနေကို ရှောင်ဖို့အတွက် မြို့ကို ကြိုတင် စွန့်ခွာဖို့ အမိန့်ပေးခဲ့ကြောင်း ပြောပါတယ်။

 တခြား ယူကရိန်း စစ်ဦးစီး အရာရှိတွေကလည်း အက်ဗ်ဒစ်ဗ်ကာမှာ ယူကရိန်း တပ်တွေဟာ ရုရှားရဲ့ လက်နက်ကြီး သာလွန်အင်အားနဲ့ ပစ်ခတ်မှုဒဏ်ကို အလူးအလဲ ခံနေရတယ်လို့ ဝန်ခံခဲ့ပါတယ်။

 အမေရိကန်နဲ့ ဥရောကပ သမဂ္ဂတို့ဟာ မူဝါဒရေးရာ ရှုပ်ထွေးမှုတွေကြောင့် ယူကရိန်းအတွက် အရေးပေါ် လိုအပ်တဲ့ ခဲယမ်းမီးကျောက်တွေ ထောက်ပံ့နိုင်မှု နှောင့်နှေးလာချိန်မှာ အခုလိုမျိုး အရေးကြီးတဲ့ ရှေ့တန်းက မြို့တမြို့ကို ဆုံးရှုံးရတဲ့ထိ ကြုံလာရတာပါ။ ရန်သူ့ဖက်က လက်နက်ကြီးကျည်တွေ မိုးလို ရွာချနေချိန် ကာကွယ်ရေး တပ်ဖွဲ့တွေကတော့ တနေ့ကို ဒါဇင် အနည်းငယ်လောက် လက်နက်ကြီး ကျည်ဆန်တွေသာ အသုံးပြုနိုင်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။

 အက်ဗ်ဒစ်ဗ်ကာမြို့ကို ယူကရိန်းက လက်လွှတ်ရခြင်းဟာ မနှစ်က မေလမှာ ဘက်ခ်မတ်မြို့ကို သိမ်းယူနိုင်ခဲ့တဲ့နောက်ပိုင်း ရုရှားစစ်တပ်အတွက် အကြီးမားဆုံး အောင်ပွဲတခု ဖြစ်လာကြောင်းလည်း သိရပါတယ်။

 Ref: BBC