မတ္တရာ အနောက်ခြမ်းကျေးရွာတချို့က နေအိမ်တွေကိုစစ်တပ်ကမီးရှို့၊ရိက္ခာတွေကို လည်းသိမ်းယူ

ဖေဖော်ဝါရီ ၊ ၁၇

မန္တလေးမြို့မြောက် မတ္တရာမြို့အနောက်ခြမ်းက ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာတချို့ကို စစ်ကောင်စီကမနေ့က မနက်ပိုင်းက စစ်ကြောင်းထိုးကာ ကျေးရွာတချို့က နေအိမ်တွေကို မီးရှို့သွားသလို ဒေသခံတွေရဲ့ရိ က္ခာတွေ ကိုလည်းယူသွားတာ၊ဖျက်ဆီးသွားတာတွေလုပ်ခဲ့တယ်လို့ မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Wetlet Information Network  တာ၀န်ရှိသူ တဦးကပြောပါတယ်။

မန္တလေးဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အင်အားတရာလောက်နဲ့ မတ္တရာမြို့နယ်ဘက်ကို လာတဲ့ စစ်ကောင်စီတပ်တွေဟာ စုပေါင်းကျွန်းကျေးရွာမှာ ကမ်းကပ်ပြီး မြစ်ကမ်းဘေးကျေးရွာတွေကို ခြေလျင်စစ် ကြောင်း ထိုးခဲ့တာလို့ သိရပါတယ်။ 

အဲဒီနောက် မတ္တရာမြို့အနောက်ခြမ်းမှာရှိတဲ့ ဒေါင်းကျွန်းရွာက ပြည်သူပိုင်နေအိမ် ငါးလုံး၊ ဒင်္ဂါးကျွန်းရွာက နေအိမ် ဆယ်လုံးနဲ့  ပဲမှော်စင်တလုံးအပါအ၀င် တောင်သူတဲတွေကို မီးရှို့ဖျက်ဆီးသွားခဲ့တာပါ။

“အကြောင်းမဲ့ကို လာမီးရှို့သွားတာပါ။ သောင်ပြင်မှာ ထိုးထားတဲ့ တောင်သူတဲတွေကိုလည်း မီးရှို့သွားတယ်” လို့ Wetlet Information Network  တာ၀န်ရှိသူကဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ အဲဒီကျေးရွာတွေရှိ ပြည်သူပိုင် ဆန်အိတ်တွေကို သယ်ယူသွားတာတွေ လည်း ရှိသလို မနိုင်လို့ ကျန်ခဲ့တဲ့ ဆန်အိတ်တွေနဲ့  အိမ်ရှိ လူသုံးကုန်ပစ္စည်းတွေကိုလည်း မီးရှို့ဖျက်ဆီးထားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒါကြောင့် ဒေသခံတွေဟာ စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကို စိုးရိမ်တဲ့အတွက် ကျေးရွာအတွင်းမှာ မနေရဲကြ တော့ဘဲ နီးစပ်ရာ နေရာတွေကို စစ်ဘေးရှောင်နေရတယ်လို့ ဆိုပါတယ်။

လက်တလောမတ္တရာမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပေမယ့် စစ်အုပ်စုက အခုလိုပဲ မြို့အရှေ့အ ခြမ်းနဲ့ အနောက်ခြမ်းရှိ ကျေးရွာတွေဘက်ကို အကြောင်းမဲ့ စစ်ကြောင်းထိုး၀င်ရောက်ပြီး ဒေသခံတွေကို ဖမ်းဆီး သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့ မတ္တရာမြို့နယ် ပြည်သူကာကွယ်ရေး တပ် ဖွဲ့၀င် တဦးကပြောပါတယ်။

“မနေ့တုန်းကကျွန်တော်တို့နဲ့ ဘာထိတွေ့တိုက်ပွဲမှ မဖြစ်ခဲ့ဘူး၊ခွေးတွေက မီးရှို့ပြီး မန္တလေးဘက်ပြန်သွားတာပါ ” လို့ သူကဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ အခုလ ၁၂ရက်ကလည်း မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ဆိပ်သာရွာနဲ့ အင်းကုန်းရွာကို ၀င်ရောက်စီးနင်းခဲ့ပြီး အသက် ၃၅ နှစ်အရွယ် ကိုနှင်းဆိုသူနဲ့ အသက် ၂၈ နှစ်အရွယ် ကိုဇော်မျိုးထက်ဆိုသူ နှစ်ဦး ကို ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ပါသေးတယ်။

ဒါအပြင် စစ်အုပ်စုက ဆိပ်သာကျေးရွာရှိ ပြည်သူပိုင် နေအိမ် ငါးလုံးထက်မနည်းကိုလည်း အကြောင်းမဲ့ မီး ရှို့ဖျက်ဆီးသွားတယ်လို့ မတ္တရာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ မတ္တရာမျိုးမှန်အဖွဲ့က အသိပေးထား ပါတယ်။

မတ္တရာမြို့အရှေ့ခြမ်းရှိ ကျေးရွာတွေဟာ မိုးကုတ်၊ နောင်ချို၊ ပြင်ဦးလွင်မြို့တွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး စစ် ကောင်စီတပ်တွေနဲ့ ပြည်သူကာကွယ်ရေးတပ်မတော်(မန္တလေး)၊ တအာင်းတပ်(TNLA) တို့ကြား ထိတွေ့ တိုက်ပွဲ တွေလည်း ပြီးခဲ့တဲ့ လပိုင်းအတွင်းက ဖြစ်ပွားခဲ့ပါသေးတယ်။

“ကျွန်တော်တို့ ဆီမှာ စစ်ရှောင် ငါးရာလောက်ရှိနေသေးတယ်၊အဓိကတော့ စစ်တပ်အထိုင်ချထားတဲ့ နေရာအနီး တဝိုက်ကလူတွေက ရွာမပြန်ရဲကြလို့ နီးစပ်ရာတွေမှာ အလှူခံပြီး ကျွေးမွေးထားရတယ်” လို့ မြို့အရှေ့ခြမ်းက စစ်ရှောင်တွေကို ကူညီပေးနေသူတဦးကပြောပါတယ်။

photo Wetlet Information Network