မောင်တောက ဗောဓိကုန်းနယ်ခြားစောင့်စခန်းကို AA သိမ်းပိုက်

 
ဖေဖော်ဝါရီ၊ ၁၇
 
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မောင်တောမြို့နယ်တောင်ပိုင်းက ဗောဓိကုန်းစခန်းကို မနေ့က မနက်ခြောက် နာရီ လောက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၄ဦးသေဆုံးတယ်လို့ ရခိုင့်တပ်တော် AA က ထုတ် ပြန် အသိပေးထားပါတယ်။
 
ရခိုင့်တပ်တော် AA က အဲ့ဒီစခန်းကို ဖေဖော်ဝါရီ ၁၅ရက် မနက်ခြောက်နာရီကျော်မှာစတင်ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ တာဖြစ်ပြီး ၂၄နာရီကျော်အကြာမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ အချိန်တိုတိုအတွင်း အထိအခိုက်အနည်းဆုံး နဲ့ စခန်းသိမ်းနိုင်ခဲ့တယ်လို့ AAကဆိုပါတယ်။
 
တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီးအမြောက်အမြားပစ်ခတ်နေတဲ့ကြားက စခန်းကို အပြီး သတ်သိမ်းပိုက်နိုင်ခဲ့တာလို့လည်းဖော်ပြထားပါတယ်။ဒီတိုက်ပွဲကနေ လက်နက်ခဲယမ်းတချို့သိမ်းပိုက်နိုင်ခဲ့ တယ် လို့သိရပါတယ်။
 
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီက ကြည်းတပ်၊လေတပ်တွေအပြင် နတ်မြစ်ထဲမှာရှိတဲ့ စစ်ကောင်စီ စစ်ရေယာဉ်တွေ ပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာလို့ ဒေသခံတွေကပြောကြပါတယ်။ အဲ့ဒီလိုပစ်ခတ်မှုတွေကြောင့် ဗောဓိကုန်းစခန်းအနီးတဝိုက်က ရွာတွေထဲ လက်နက်ကြီးကျည်တွေကျပြီး ဒေသခံ တွေရဲ့ပိုင်ဆိုင်မှုတွေထိခိုက်ပျက်စီးခဲ့တာရှိတယ်လို့သိရပါတယ်။
 
ရခိုင့်တပ်တော် AA ဟာ အခုလပထမပတ်အတွင်းကလည်း မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ် စပ်အနီးက တောင်ပြို(လက်ဝဲ)နဲ့ တောင်ပြို(လက်ယာ)စခန်းနှစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်။ ဒါ့အပြင် မောင်တောမြို့နယ် မြောက်ပိုင်းမှာပဲရှိတဲ့ ဒုံးညိုနယ်ခြားစောင့်စခန်းကိုလည်း လက်ရှိရခိုင်တိုက်ပွဲတွေစ တင်ခဲ့အပြီးရက်ပိုင်းအကြာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာ၁၇ရက်မှာသိမ်းပိုက်ထားပါတယ်။
 
မနေ့ကတော့ မောင်တောမြို့နယ် ပန်းတော်ပြင် ရွာသစ်(မွတ်ဆလင်ရွာ)အနီးမှာလည်း စစ်ကောင်စီရဲ့ ဘူးသီး တောင်အခြေစိုက် ခလရ ၂၆၃ တပ်ရင်းနဲ့ ရခိုင့်တပ်တော်တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၂ဦးသေဆုံးကာ ဒဏ်ရာရသူတွေလည်းရှိတယ်လို့ AA က ဆက်လက်ဖော်ပြထားပါတယ်။
 
အဲ့ဒီတိုက်ပွဲမှာလည်း လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်တချို့ ထပ်ပြီး သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
အလားတူ ရသေ့တောင်မြို့နယ်မှာလည်း မနေ့က ခနောင်းကြီးရွာ အနီးကတောင်ကြောတခုပေါ်မှာ စစ်ကောင်စီ ခမရ ၅၃၆ တပ်ရင်းနဲ့ AA တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြပြီး ကနဦးမြေပြင်သတင်းအရ စစ်ကောင်စီဘက်က လေးဦးသေဆုံးကာ ဆယ်ဦးလောက်ဒဏ်ရာရခဲ့တယ်လို့ ဆိုထားပါတယ်။