စစ်တပ်က စွန့်ပစ်ခဲ့တဲ့ စစ်သားအလောင်းတချို့ မြိုင်ပကဖ သင်္ဂြိုလ်ပေးရ

ဖေဖော်ဝါရီ၊ ၁၆
 
မကွေးတိုင်း မြိုင်မြို့နယ်အတွင်း တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို စစ်ကြောင်းက စွန့်ပစ်ထားခဲ့တာကြောင့် ကောက်ယူသင်္ဂြိုလ်ကာ အမျှအတန်းပေးဝခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
 
မြိုင်မြို့ပေါ်ကနေ မြို့နယ်မြောက်ခြမ်းမှာရှိတဲ့ ကန်နီ ပျူစောထီးရွာကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်တာကြောင့် နောက်ပြန်ဆုတ်သွားရသလို သေဆုံးတပ်ဖွဲ့ဝင်တွေကိုလည်း ပစ်ထားခဲ့တာလို့ ဆိုပါတယ်။
 
ဒါကြောင့် မြိုင်ပကဖက စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းသုံးလောင်းကို လူ့ကျင့်ဝတ်၊ စစ်ကျင့်ဝတ်တွေနဲ့အညီ မီးသင်္ဂြိုလ်ပေးပြီး အမျှအတန်းပေးဝေခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ ထုတ်ပြန်ထားတာပါ။
 
မြိုင်မြို့မြောက်ဘက် ခုနစ်မိုင်ခွဲလောက်အကွာ မြိုင်-ရေစကြို ကားလမ်း အနောက်ဘက်မှာရှိတဲ့ ကန်နီရွာကို ရိက္ခာပို့ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မြိုင်ပကဖက အခုလ ၆ ရက်ကနေ ၁၃ ရက်အထိ တပတ်ကျော်အတွင်း ကြားဖြတ်တိုက်ခိုက်မှု၊ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
 
အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ၁၂ ဦးထက်မနည်း သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ မြိုင်ပကဖက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။ ဒါ့အပြင် ခဲယမ်းနဲ့ စစ်အသုံးအဆောင်တချို့လည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
တော်လှန်ရေးတပ်တွေဘက်ကတော့ ဒဏ်ရာရသူတချို့သာ ရှိခဲ့ပြီး စစ်ကောင်စီထောက်ပို့စစ်ကြောင်းဟာ ကန်နီရွာကို ရောက်အောင်မသွားနိုင်ဘဲ ပြန်ဆုတ်သွားရတယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဓာတ်ပုံ – မြိုင်ပကဖ