မင်းပြားအခြေစိုက် တပ်ရင်းသုံးခုကရခဲ့တဲ့ လက်နက်ခဲယမ်းတွေ AA ထုတ်ပြ

ဖေဖော်ဝါရီ၊ ၁၆
 
ရခိုင်ပြည်နယ် မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းသုံးခုက သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို AA က ဒီကနေ့ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
 
AA က သိမ်းဆည်းရရှိခဲ့တဲ့အထဲမှာ MLRS အတွဲလိုက်ပစ်ဒုံးတင်ယာဉ် နှစ်စီးလည်း ပါဝင်တာ တွေ့ရပေမယ့် နှစ်စီးလုံး မီးလောင်ဖျက်ဆီးခံထားရတဲ့ အခြေအနေ တွေ့ရပါတယ်။
 
၂၄၀ မမ MLRS အတွဲလိုက်ပစ်ဒုံးတွေဟာ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာ AA လက်ချက်နဲ့ စစ်ကောင်စီဆုံးရှုံးသွားတဲ့ လက်နက်တွေထဲ ဖျက်စွမ်းအားအကြီးဆုံး လက်နက်စနစ်ဖြစ်တယ်လို့ လက်နက်ခဲယမ်းတွေနဲ့ ပတ်သက်ပြီး လေ့လာတင်ဆက်နေတဲ့ Tactical Raptor က ထုတ်ပြန်ချက်တွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။
 
ရခိုင့်တပ်တော် AA ဟာ မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ စကခ လက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၇၉)၊ (၃၈၀) နဲ့ (၅၄၁) တို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း အပြင်းအထန်ထိုးစစ်ဆင်ခဲ့ပြီးနောက် အခုလဆန်းမှာ အပြီးသတ် သိမ်းပိုက်ခဲ့တာပါ။
 
အဲဒီတပ်ရင်းတွေကနေ သိမ်းဆည်းရရှိခဲ့ကြောင်း ဒီကနေ့ AA က ထုတ်ပြန်တဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ လက်နက်ကြီးတွေနဲ့ စက်သေနတ်တွေအပါအဝင် လက်နက်ငယ် ရာဂဏန်း၊ စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးယာဉ်နဲ့ အရာရှိယာဉ် ခုနစ်စီး၊ ရဲတပ်ဖွဲ့ပိုင်ကား နှစ်စီးလည်း ပါဝင်ပါတယ်။
 
ဒါ့အပြင် တခြား လက်နက်ခဲယမ်းအများအပြားလည်း ပါဝင်တာ တွေ့ရပါတယ်။
 
ပလက်ဝနဲ့ ရခိုင်ပြည်နယ်အတွင်း နိုဝင်ဘာ ၁၃ ရက်ကစလို့ ထိုးစစ်ဆင်ခဲ့တဲ့ AA တပ်ဖွဲ့ဟာ လက်ရှိအထိ သုံးလဝန်းကျင်အတွင်း ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ စတဲ့ မြို့နယ်ခြောက်ခုကို အလုံးစုံ သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။
 
အလားတူ ကျန်တဲ့ရခိုင်မြို့နယ်တွေမှာလည်း စစ်ကောင်စီ စခန်း၊ ရဲစခန်းနဲ့ လုံခြုံရေးစခန်းတွေ အများအပြားကို သိမ်းပိုက်ကာ စိုးမိုးနယ်မြေ တိုးချဲ့ထားသလို ပြည်နယ်မြို့တော် စစ်တွေနဲ့ နပခ ဌာနချုပ်ရှိတဲ့ အမ်းမြို့တို့ကို ခြိမ်းခြောက်ထားတဲ့ အခြေအနေနဲ့ ထိုးစစ်တွေ ဆက်လက်ဆင်နွှဲနေပါတယ်။
 
ဓာတ်ပုံ – AA Info Desk