စစ်တွေ ဒကစနဲ့ တပ်ရင်းတွေကို လက်နက်ချဖို့ AA သတိပေး

ဖေဖော်ဝါရီ၊ ၁၆
 
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့နယ်အတွင်းက ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ) အပါအ၀င် စစ်ကောင်စီတပ်ရင်းတွေအားလုံးကို လက်နက်ချ၊ အညံ့ခံကြဖို့ ရက္ခိုင့်တပ်တော် (AA)က သတိပေးထားတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
 
ပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ပြီး စစ်ကောင်စီအဖွဲ့ဝင်တွေလည်း နေထိုင်တဲ့ စစ်တွေမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်တွေအနေနဲ့ လက်နက်ချ အညံ့မခံရင် ဝင်ရောက်တိုက်ခိုက်သွားမယ်ဆိုပြီး သတိပေး၊ အကြောင်းကြားထားတာလို့ ဆိုပါတယ်။
 
“အကုန်လုံးကို လက်နက်ချခိုင်းထားတာ၊ ဒီလကုန်လောက်ထိ အချိန်ပေးထားတယ်ကြားတယ်၊ မချရင်တော့ ဝင်တိုက်တော့မယ်ပေ့ါ၊ အဲလိုကြားနေပါတယ်” လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။
 
စစ်တွေမြို့ပေါ်နဲ့ နယ်ကျေးရွာတွေအတွင်းမှာ နေထိုင်တဲ့ ဒေသခံတွေကလည်း အဲဒီလို သတိပေးထားတယ်ဆိုတဲ့ သတင်းတွေ ကြားနေရကြောင်း ပြောပါတယ်။ အဲဒီအပေါ် DNA က သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။
 
ဖေဖော်ဝါရီ ၁၅ ရက် AA ထုတ်ပြန်ချက်မှာတော့ ရခိုင်ဒေသရှိ လက်ကျန်မြို့များမှ စစ်ကောင်စီရဲ့ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို တစ်ခုမျှမကျန်စေရဆိုတဲ့ စစ်ရေးရည်မှန်းချက်အတိုင်း ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။
 
ဒါ့အပြင်ရက္ခိုင့်တပ်တော် (AA)၊ ကိုးကန့် (MNDAA)၊ တအာင်း (TNLA)တို့ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ မနေ့က ဖေဖော်ဝါရီ ၁၅ ရက်ထုတ်ပြန်ချက်မှာလည်း လက်နက်ချ အညံ့မခံတဲ့ စစ်ကောင်စီတပ်စခန်းတိုင်းကို တခုမျှမကျန်အောင် ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ သတိပေးထားပါတယ်။
 
လက်ရှိမှာ AA ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်အများစုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ကျန်မြို့တွေကိုလည်း အပြင်းအထန်တိုက်ခိုက်နေပြီးတဲ့နောက်မှာ အခုလို စစ်တွေမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်တွေကို သတိပေးတယ်လို့ သတင်းတွေ ထွက်လာခဲ့တာပါ။
 
“အနီးပတ်လည်က မြို့တွေပြတ်ရင်တော့ စစ်တွေကိုလည်း မတိုက်ဘဲမနေဘူး၊ စတိုက်မယ်ထင်တယ်၊ အခု မြောက်ပိုင်းက တခြားမြို့တွေမှာ သိပ်မကျန်တော့ပါဘူး၊ ဒီအတိုင်းတိုက်မယ်ဆိုရင် ဘယ်လောက်မှလည်း မကြာနိုင်ဘူး” လို့ AA နဲ့ နီးစပ်တဲ့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။
 
စစ်တွေမြို့အဝင်မှာ ဒကစ အထိုင်ချထားပြီး အဲဒီရဲ့အနီးပတ်လည်မှာ လက်ရုံးတပ်တွေ အပါအဝင် တပ်ရင်း ဆယ်ရင်းဝန်းကျင်ရှိပါတယ်။ စစ်ကောင်စီတပ်ဟာ ရခိုင်ဒေသတိုက်ပွဲတွေ စကတည်းက စစ်တွေမြို့အဝင်အထွက်ကို ပိတ်ဆို့၊ တင်းကြပ်ထားခဲ့ပြီး ကိုယ်ဝန်ဆောင်အပါအဝင် အရေးပေါ် ဆေးကုသရမယ့် လူနာတွေကိုတောင် သွားလာခွင့်တွေ ကန့်သတ်ထားခဲ့တာပါ။
 
ဒါ့အပြင် စစ်တွေမြို့ ကမ်းနားပတ်လည် ဆိပ်ကမ်းတွေနဲ့ အနီးပတ်လည် ရွာတွေအားလုံးကိုလည်း စစ်ကြောင်းထိုး ဝင်ရောက်ပြီး အိမ်တွေ မီးရှို့တာ၊ ဖမ်းဆီးတာတွေလုပ်ကာ စခန်းချ နေရာယူနေခဲ့ပါတယ်။ အချို့ကျေးရွာတွေမှာတော့ စစ်တပ်က လက်နက်ကြီး အထိုင်စခန်းတွေချကာ နေရာယူထားပြီး ရွာသားတွေကိုလည်း ထွက်ပြေးတိမ်းရှောင်ခွင့်မပေးဘဲ ထားတယ်လို့ ပြောကြပါတယ်။
 
“ရွာသားတွေကို မပြေးရဘူး၊ ဗုံးခိုကျင်းလည်း မလုပ်ရဘူး၊ ဒိုင်းကာလုပ်ထားတယ်၊ ဒါပေမယ့် သူတို့ (စစ်ကောင်စီတပ်) ရှိနေတော့ ဘယ်သူနေရဲမှာလဲ၊ ရရင်ရသလို ခိုးထွက်ပြီး ပြေးနေကြရတယ်” လို့ စစ်တွေမြို့အနီးရှိ စစ်ကောင်စီတပ် အထိုင်ချထားတဲ့ ရွာတခုမှ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
 
စစ်ကောင်စီက စစ်တွေမြို့အဝင် အမြင့်ကျွန်းအနီး စစ်တွေ-ရန်ကုန် ကားလမ်းရှိ မင်းချောင်းတံတားကိုလည်း မိုင်းခွဲ ဖျက်ဆီးထားပါတယ်။
 
“တပ်တော်က အဲဒီဖက်က ဝင်မတိုက်နိုင်အောင်လုပ်တာ” လို့ ဒေသတွင်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။
 
မြို့တော်စစ်တွေကို AA က ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေထွက်နေတာကြောင့် မြို့ပေါ်နဲ့ အနီးဝန်းကျင်မှ ဒေသခံတွေဟာ ရန်ကုန်အပါအဝင် ဘေးလွှတ်မယ့်ယူဆရတဲ့ အနီးဝန်းကျင် မြို့၊ ရွာတွေကို တိမ်းရှောင်နေကြတယ်လို့ ပြောကြပါတယ်။
 
“တမိသားစုလုံး ပြောင်းလာကြပြီ၊ တိုက်ပွဲဖြစ်မှာကြောက်တာတခုတည်းမဟုတ်ဘူး၊ ခွေး(စစ်ကောင်စီတပ်သား)တွေကို ပိုကြောက်ရတယ်၊ သူတို့က အိမ်တွေကို ဝင်ပြီး ဖမ်းချင်သလို ဖမ်းနေတာ၊ ပြေးရတဲ့စရိတ်ကလည်း မလွယ်ပါဘူး၊ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကူးဖို့တောင် လေး၊ ငါးသိန်းပေးရတယ်”လို့ စစ်တွေမြို့ဆတ်ရိုးကျဆယ်ဆယ်ရေးရပ်ကွက်မှ အသက်ငါးဆယ်ကျော်အရွယ်အမျိုးသမီးတဦးက ပြောပါတယ်။
 
စစ်တွေမြို့ပေါ်မှ ဒေသခံအရပ်သားတွေ တိမ်းရှောင်နေကြသလို စစ်ကောင်စီလက်အောက်ခံ အရာရှိတွေနဲ့ စစ်ကောင်စီတပ်အရာရှိတွေရဲ့ မိသားစုဝင်တွေဟာလည်း လေယာဉ်စီးလုံးငှားပြီး ရန်ကုန်၊ နေပြည်တော်ဘက်တွေဆီ အလုံးအရင်းနဲ့ ရွေ့ပြောင်းနေကြတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက DNA ကို ပြောထားကြပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီရဲ့ ပြည်နယ်ကောင်စီအဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို ပြည်နယ်တောင်ပိုင်း သံတွဲမြို့သို့ ရွေ့ပြောင်းမယ်ဆိုတဲ့သတင်းတွေလည်း ဒေသတွင်းထွက်ပေါ်နေတာရှိပါတယ်။
 
“အစိုးရရုံးတခုလုံးကို သံတွဲဖက် ရွေ့မယ်လို့ ကြားတယ်၊ ကျွန်တော်တို့ သေချာတော့ မသိရဘူး၊ အခုထိတော့ မပြောင်းသေးဘူး၊ အခြေအနေမဟန်တော့ရင်တော့ပြောင်းတော့မယ်၊ ပြေးတော့မယ်ထင်တာပဲ” လို့ စစ်တွေမြို့နယ်မှ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးဝန်ထမ်းတဦးက ပြောပါတယ်။
 
အခုအခါ ပြည်နယ်အစိုးရအဖွဲ့ရုံးရှိတဲ့ စစ်တွေမြို့ပေါ် မေယုလမ်းနဲ့ အဲဒီမေယုလမ်းပေါ် သွားနိုင်တဲ့ ဦးဥတ္တမလမ်း၊ မင်းဘာကြီးလမ်းတို့မှာ စစ်ကောင်စီတပ်သားတွေအထိုင်ချပြီး ဂိတ်အထပ်ထပ့်နဲ့ ပိတ်ထားတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
 
AA ဟာ မြို့တော်စစ်တွေနဲ့ အနီးဆုံးမှာ တည်ရှိတဲ့ ပေါက်တောအပါအဝင် မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။
 
ဒါ့အပြင် စစ်တွေမြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ ရသေ့တောင်မြို့ပေါ်ရှိ လက်ကျန်တပ်ရင်းတွေ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့နယ်အတွင်းက နယ်ခြားစောင့်နဲ့ စစ်စခန်းတွေကို အခုရက်ပိုင်းအတွင်း အရှိန်အဟုန်ပြင်းပြင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
 
အလားတူပဲ စစ်တွေမြို့ရဲ့ မြောက်ဘက် မိုင်နှစ်ဆယ်လောက်အကွာမှာရှိတဲ့ ပုဏ္ဏာကျွန်းမြို့နယ်မှာလည်း စစ်ကောင်စီရဲ့မြို့ပေါ်တပ်ရင်း ခမရ ၅၅၀ တခုသာ ကျန်တော့ပြီး အဲဒီတပ်ရင်းကိုလည်း ဝိုင်းရံပိတ်ဆို့ထားကာ လက်နက်ချဖို့ သတိပေးထားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
 
စစ်တွေမြို့နယ်နဲ့ ထိစပ်နေပြီး အနောက်ဘက်မှာတည်ရှိတဲ့ ရသေ့တောင်မြို့နယ်အတွင်းမှာလည်း စစ်ကောင်စီရဲ့ရှေ့တန်းစခန်းတွေ တခုမှ မကျန်တော့ဘဲ မြို့ပေါ်တပ်ရင်း သုံးခု(ခမရ ၅၃၆၊ ၅၃၇၊ ၅၃၈)သာ ကျန်ရှိတော့တာပါ။
 
ဒါ့အပြင် မောင်တောမြို့နယ်မှာလည်း နယ်ခြားစောင့်စခန်း ဆယ်ချီကို AA က သိမ်းပိုက်ထားပြီဖြစ်ကာ မြို့ပေါ်နယ်ခြားစောင့်စခန်းတွေ၊ ကျီးကန်းပြင်နယ်ခြားစောင့်ဌာနချုပ်နဲ့ နယ်ခြားစောင့်စခန်းအချို့သာ ကျန်တော့တယ်လို့ စစ်ရေးနဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောကြပါတယ်။
 
စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ ၁၅)အထိုင်ချထားတဲ့ ဘူးသီးတောင်မြို့နယ်မှာတော့ တပ်ရင်း ၇ ခုနဲ့ ရှေ့တန်းစခန်းအနည်းငယ်ကျန်သေးတယ်လို့ ဆိုပါတယ်။
 
ရက္ခိုင့်တပ်တော်(AA)ဟာ ရခိုင်ဒေသတွင်း တိုက်ပွဲတွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခု နိုဝင်ဘာ ၁၃ ရက်နေ့မှာ စတင်ခဲ့ပြီး နှစ်လအတွင်း ချင်းပြည်နယ် ပလက်၀မြို့နယ်ကို ပထမဆုံးသိမ်းပိုက်ခဲ့ပါတယ်။
 
အဲဒီနောက် ၂၀၂၄ ခု ဇန်ဝါရီလဆန်းပိုင်းကစကာ ပေါက်တော။မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်တို့အတွင်းက တပ်မဌာနဌာနချုပ်၊ တပ်ရင်းတွေနဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့ပြီး တလဝန်းကျင်အတွင်း အဲဒီမြို့နယ်အားလူံးကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
 
ပြီးခဲ့တဲ့တိုက်ပွဲကာလတွေကတည်းက တိုက်ပွဲအပြင်းအထန်ဖြစ်နေခဲ့တဲ့ မြေပုံမြို့နယ်ကိုတော့ ဖေဖော်ဝါရီ ၁၂ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေမြို့ပေါ်မှ ထွက်ခွာသွားပြီးတဲ့နောက် သိမ်းယူ၊ ထိန်းချုပ်ထားခဲ့တာပါ။
 
လက်ရှိမှာဟာ AA ဟာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ခြောက်ခုကို သိမ်းပိုက်ထားပြီး ရခိုင်ပြည်နယ်အလယ်ပိုင်း ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်းမြို့နယ်တို့မှာလည်း ထိုးစစ်ဆင်နေကာ ပြည်နယ်တောင်ပိုင်းမှာပါ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတာဖြစ်ပါတယ်။
 
ဓာတ်ပုံ – AA Info Desk / Google