ပြင်သစ်နဲ့ ဗြိတိန်ရဲ့ နျူကလီးယား စွမ်းရည်ကို ဥရောပက ပိုလိုအပ်လာနိုင်တယ်လို့ ဂျာမန်ဝန်ကြီး သုံးသပ်

ဖေဖော်ဝါရီ၊ ၁၆

ရုရှားရဲ့ ခြိမ်းခြောက်မှု တဟုန်ထိုး မြင့်တက်လာနိုင်တာ၊ အမေရိကန်ရဲ့ မျက်ကွယ်ပြုမှုတွေကို ခံရနိုင်တာတွေကြောင့် ဥရောပတိုက်ဟာ ဗြိတိန်နဲ့ ပြင်သစ်ရဲ့ နျူကလီးယား လက်နက်တိုက်ကို ပိုလိုအပ်လာမယ်လို့ ဂျာမနီ အစိုးရ ဝန်ကြီးတယောက်က မှတ်ချက်ပေးခဲ့ပါတယ်။

ဂျာမနီရဲ့ ဘဏ္ဍာရေး ဝန်ကြီးအဖြစ် တာဝန်ယူထားပြီး လွတ်လပ်သော ဒီမိုကရက်တစ် ပါတီ (FDP)ရဲ့ အကြီးအကဲလည်းဖြစ်တဲ့ ခရစ္စတီယန် လင်ဒ်နာက NATO အဖွဲ့ဝင် ဥရောပ နိုင်ငံတွေဟာ ရုရှားရဲ့ ရန်လို ခြိမ်းခြောက်မှုတွေ မြင့်တက်လာတာကိုသာ မကဘဲ တကယ်လို့ အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာရင် NATOကို မျက်နှာလွှဲ စွန့်ပယ်သွားနိုင်တဲ့ အရှိတရားကိုပါ အလေးထား စဉ်းစားဖို့ လိုလာပြီလို့ ထောက်ပြခဲ့ပါတယ်။

ထရမ့်က NATO အဖွဲ့ထဲမှာ နိုင်ငံရဲ့ GDP ၂ ရာခိုင်နှုန်းကို ကာကွယ်ရေး အသုံးစရိတ်အဖြစ် အသုံးချဖို့ ကတိကဝတ် ပျက်ကွက်ခဲ့တဲ့ နိုင်ငံတွေကို ရုရှားက တိုက်ခိုက်ရင် သူက ဝမ်းပန်းတသာ ထောက်ခံမယ်လို့ ပြောခဲ့တာကြောင့် အတော်လေး ဂယက်ထစေခဲ့ပါတယ်။

ရုရှားကလည်း ပိုပြီး ရန်လိုလာမယ်၊ ထရမ့်သာ သမ္မတဖြစ်ပြီး NATOကို အမေရိကန်က ပစ်ခွာသွားမယ်ဆိုရင် ဥရောပရဲ့ အဓိက စစ်မဟာမိတ် အင်အားစုဟာ နျူကလီးယား လက်နက်တွေပိုင်တဲ့ ပြင်သစ်နဲ့ ဗြိတိန်တို့ရဲ့ မဟာဗျူဟာ လက်နက် ရင်းမြစ်တွေကို ပိုလိုအပ်လာမယ်လို့ လင်ဒ်နာက သုံးသပ်ပြခဲ့တာပါ။

ပြင်သစ်နဲ့ ဗြိတိန်တို့ဟာ NATOရဲ့ ဥရောပ နိုင်ငံတွေအတွက် လုံခြုံရေး ကဏ္ဍမှာ ကြီးမားတဲ့ ကူညီပံ့ပိုးမှုတွေ ရှိခဲ့ကြောင်း၊ ဒါပေမဲ့ လက်ရှိ အခြေအနေမှာတော့ အဲဒီနိုင်ငံတွေရဲ့ နျူကလီးယား လက်နက်တွေကိုပါ ဥရောပတိုက်ရဲ့ လုံခြုံရေး ကဏ္ဍအတွက် လွှမ်းခြုံပေးဖို့ တောင်းဆိုရတော့မှာဖြစ်ကြောင်းလည်း လင်ဒ်နာက သုံးသပ်ပြခဲ့ပါတယ်။

ဗြိတိန်နဲ့ ပြင်သစ်တို့ဟာ နျူကလီးယား တန်ပြန် တိုက်ခိုက်ရေး စွမ်းရည်ကို ဆယ်စုနှစ် အဆက်ဆက် ထိန်းသိမ်းခဲ့ပေမယ့် ကွဲပြားတဲ့ နည်းဗျူဟာတွေကို မှီခိုထားပါတယ်။ ဗြိတိန်ဟာ နျူကလီးယား တိုက်သင်္ဘော ၄ စီးကို မှီခိုတဲ့ Trident စနစ်ကို အဓိက အားကိုးပြီး အဲဒီ ရေငုပ်သင်္ဘောတွေဟာ ​ဝန်ကြီးချုပ်ဆီက တိုက်ရိုက် အမိန့်ကို ရရှိတာနဲ့ တာဝေးပစ်မှတ်တွေကို နျူကလီးယားနဲ့ တိုက်ခိုက် ခြေမှုန်းနိုင်စွမ်း ရှိပါတယ်။ ပြင်သစ်ကတော့ Force de Dissuasionလို့ နာမည်ပေးထားတဲ့ ရေငုပ်သင်္ဘောနဲ့ လေကြောင်း တိုက်ခိုက်ရေး စွမ်းရည်တွေ ပေါင်းစပ်ထားတဲ့ စနစ်ကို အသုံးပြုပါတယ်။ ပြင်သစ်ဟာ ကမ္ဘာပေါ်မှာ နျူကလီးယား ထိပ်ဖူးအရေအတွက် တတိယ အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံလို့လည်း ယုံကြည်ရပါတယ်။

 

Ref: Euro News