မင်းကင်းမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ စစ်ရေးတင်းမာနေဆဲ

ဖေဖော်ဝါရီ၊ ၁၆
 
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ရှိ စစ်ကောင်စီစခန်းတွေနဲ့ ပျူစောထီးစခန်းတွေကို တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဘက်စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ တိုက်ပွဲမှာပါဝင်တဲ့ တပ်ဖွဲ့တွေထံက သိရပါတယ်။
 
“ တပ်ရင်းတွေဘက်ကလည်း သူတို့ဦးစီးမှုနဲ့ သူတို့လုပ်တယ်။ ကျနော်တို့ဘက်ကလည်း ကျနော်တို့ဘာသာ ဦးစီးပြီးတော့ လုပ်နေတာပါ။ ပျူတွေ အင်အားကောင်းတဲ့ နေရာရှိသလို ကျနော်တို့ ဘက်ကလည်း အင်အားကောင်းတဲ့ နေရာတွေရှိပါတယ် ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ဒီလ ၇ ရက်ကစပြီး စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ ပျူစောထီးတွေ စုပေါင်းပြီး အထိုင်ချထားတဲ့ ကံရွာ၊ ကျေးတောင်ဦးနဲ့ ဖက်ခပ်ရွာက ပျူစောထီးစခန်းတွေကို မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ရင်းတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက စုပေါင်းပြီး တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
 
လက်ရှိမှာလည်း မင်းကင်းမြို့ရှိ ပျူစခန်းတွေကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်နေတဲ့အတွက် စစ်ကောင်စီတပ်က မြို့ပေါ်ကတပ်တွေနဲ့ ပူးပေါင်းပြီး လက်နက်လူအင်အား ဖြည့်တင်းတာတွေ လုပ်ဆောင်နေလို့ နှစ်ဘက်စစ်ရေး တင်းမာနေတယ်လို့ သူကဆက်ပြောပါတယ်။
 
“ လောလောဆယ်တော့ ကျနော်တို့ဖက်က အပေါင်းလက္ခာဏာပြနေတယ်လို့ ဆိုရမှာပေါ့။ စစ်ရေးအခြေအနေကျတော့ ဒီလောက်ပဲ ပြောလိုရမယ် ” လို့ သူကဆိုပါတယ်။
 
မင်းကင်းမြို့ မြောက်ဘက်အပိုင်းရှိ စစ်ကောင်စီတပ်တွေ ပူးပေါင်းအထိုင်ချထားတဲ့ ကံရွာကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ တပတ်အတွင်း စစ်အုပ်စုက လေးဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ အမျိုးသမီးတဦးက ပြောပါတယ်။
 
“ သူတို့ဘက်က လေးဦးသေဆုံး ပျူစောထီးခေါင်းဆောင် အပြင်းအထန် ဒဏ်ရာရတာတွေ ရှိပါတယ်။ အသေးစိပ်တော့ မသိရသေးဘူးပေါ့နော်။ ဒီဘက်ကတော့ ရဲဘော် ၁၃ ဦး ထိထားတယ်။ ကျဆုံးတာတော့ မရှိပါဘူး ” လို့ သူကပြောပါတယ်။
 
ကံရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ သူတို့ လက်အောက်ခံ ပျူစောထီးတပ်တွေကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ဒီလ ၇ ရက်မှာ စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး တပတ်ကြာတဲ့အထိ နှစ်ဖက်တပ်တွေကြား စစ်ရေးတင်းမာနေဆဲ ဖြစ်သလို စစ်အုပ်စုက မင်းကင်းမြို့ပေါ်ကတဆင့် လက်နက်လူအင်အား ဖြည့်တင်းမှုတွေ လုပ်နေတယ်လို့ သူဆိုပါတယ်။
 
ဒီလ ၁၂ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း မင်းကင်းမြို့နယ်၊ ကျေးတောင်ဦးမှာ ပျူစောထီးခေါင်းဆောင် ကိုကိုကြီး ဆိုသူ မေးရိုး သေနတ်ထိမှန်ဒဏ်ရာ အပြင်းအထန်ရသွားတယ်လို့ (S.R.F) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် တိုက်ပွဲတွေအတွင်း ကံကျေးရွာရှိ ပျူစောထီး တပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်တရာလောက်လည်း မီးလောင်ပျက်ဆီးသွားတယ်လို့ ဆိုထားပါတယ်။
 
စစ်ကောင်စီတပ်တွေက အင်အား ခုနှစ်ဆယ်လောက်နဲ့ ကံရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်အထိုင်စခန်းအသွင် ပြောင်းလဲပြီး ဘန်ကာတွေ အခိုင်အမာ တည်ဆောက်ထားသလို ဗုံးခိုကျင်းတွေအတွင်းကတဆင့် ပြန်လည်ခုခံတိုက်ခိုက်နေတယ်လို့ (S.R.F) တာဝန်ခံက ပြောပါတယ်။
 
“ ကျမတို့ စတိုက်တဲ့နေမှာပဲ ရွာကဘန်ကာတွေကို ဖြိုချဖျက်ဆီးလိုက်နိုင်တယ်။ ဘုန်းကြီးကျောင်းက အချက်အချာကျတယ်။ တောင်ကုန်းမြင့်ပေါ်ကဆိုတော့ သူတို့အပေါ်စီးက နေရာယူထားသလို ဖြစ်နေတယ်။ အဲဒီဘန်ကာပဲ ကျန်တော့တယ် ” လို့ သူကဆိုပါတယ်။
 
အလားတူပဲ မင်းကင်းမြို့ ကြံခိုင်ရေးပါတီရဲ့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်း ပျူစောထီး ဒေါက်တာစန်းဝင်း ဆိုသူလည်း ဖက်ခက်ရွာ ပျူစခန်း တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရခဲ့လို့ နေပြည်တော်မှာ ဆေးကုသနေရတယ်လို့ သတင်းတွေ ဖော်ပြနေပေမယ့် သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။
 
မင်းကင်းမြို့ရှိ စစ်ကောင်စီတပ်တွေ အထိုင်ချထားတဲ့ ပျူစောထီးကျေးရွာတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပြောက်ကျားစနစ်နဲ့ နည်းမျိုးစုံသုံးပြီးတော့ တိုက်ခိုက်နေသလို နယ်မြေစိုးမိုးရေး ရရှိဖို့အတွက် ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ (S.R.F) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
လက်ရှိမှာလည်း မင်းကင်းမြို့နယ်မှာ ပျူစောထီးတွေ အားကောင်းတဲ့ ကံရွာ၊ ကျေးတောင်ဦး၊ တောင်ဖြူ၊ ပန်းဆက် ရွာတွေအပြင် တင်ဘက်၊ ကူလဲ စတဲ့ကျေးရွာတွေက ဒေသခံ နှစ်ထောင်ကျော်လောက်ဟာ နေရပ်မပြန်နိုင်သေးဘဲ နီးရာရာ ကျေးရွာတွေကို စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
အဲဒီစစ်ဘေးရှောင်နေတဲ့ ပြည်သူတွေကို သက်ဆိုင်ရာ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက နေရေးထိုင်ရေးနဲ့ စားသောက်ရေးအတွက် ကူညီပေးထားတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – SRF