ဖေဖော်ဝါရီ၊ ၁၆
ဂါဇာ တောင်ပိုင်းက အဓိက ဆေးရုံတခုကို အစ္စရေး တပ်တွေက စီးနင်းခဲ့တဲ့နောက် ကမ္ဘာပျက်သလို ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ ပါလက်စတိုင်းဖက်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။
အစ္စရေးက ခန်ယူနစ်မှာရှိတဲ့ နက်ဆာဆေးရုံကို အခုသီတင်းပတ်မှာ အထူးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပြီး ဟားမားစ် စစ်သွေးကြွတွေလို့ ယူဆရတဲ့ သံသယရှိသူတွေကို ဒါဇင်နဲ့ချီ ဖမ်းဆီး ရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ဟားမားစ် ပြောက်ကျား တပ်ဖွဲ့ဝင်တွေ ဆေးရုံထဲမှာ ခိုအောင်းနေတယ်လို့ ဝန်ခံတာမျိုး မရှိဘဲ အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် လူနာတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ အသက်လု ထွက်ပြေးခဲ့ရကြောင်း ဝေဖန် ရှုတ်ချခဲ့ပါတယ်။
အစ္စရေး ပြောဆိုနေသမျှဟာ မုသားတွေသာ ဖြစ်တယ်လို့ ဟားမားစ်တွေက ကြေညာခဲ့သလို ဆေးရုံရဲ့ အုပ်ချုပ်မှု ဌာနကလည်း စီးနင်းခံရမှုအပြီး နက်ဆာဆေးရုံရဲ့ အခြေအနေဟာ ကမ္ဘာပျက်သလို အန္တရာယ်တွေ များပြားနေတယ်လို့ ပြောကြားခဲ့ပါတယ်။
အစ္စရေး စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်း သေနာပတိ ဒန်နီရယ်လ် ဟာဂါရီကတော့ အောက်တိုဘာ ၇ ရက်နေ့တုန်းက အစ္စရေး ပိုင်နက်ထဲ ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ဟားမားစ် အဖွဲ့ဝင်တချို့ ဆေးရုံမှာ ပုန်းအောင်းနေကြောင်း သတင်းရလို့ စီးနင်းခဲ့တာလို့ အကြောင်းပြထားပါတယ်။
အစ္စရေးဟာ ဂါဇာထိုးစစ်အတွင်းမှာ ဆေးရုံတွေကို ပိတ်ဆို့ စီးနင်းမှုတွေ လုပ်ခဲ့တာကြောင့် ကျင့်ဝတ်ပိုင်းအရ ဝေဖန်မှုတွေ အပြင်းအထန် ခံခဲ့ရပါတယ်။ တဖက်မှာလည်း ဆေးရုံတွေကို ဟားမားစ်တွေက စစ်ရေး ရည်ရွယ်ချက်အတွက် အသုံးချခဲ့ကြောင်း အထောက်အထားတွေကို အစ္စရေးဖက်က တင်ပြတာတွေ ရှိခဲ့ပြန်ပါတယ်။
လက်ရှိ အချိန်ထိတော့ ဆေးရုံထဲမှာ ဟားမားစ်တွေ ထိန်းသိမ်းထားတဲ့ ဓားစာခံတွေ ရှိတယ်ဆိုတဲ့ အထောက်အထား မတွေ့ရသေးဘဲ ဆက်လက် ရှာဖွေနေဆဲလို့ ဟာဂါရီက ဆိုပါတယ်။ အစ္စရေးက ထိန်းသိမ်းထားသူတွေထဲမှာ အောက်တိုဘာ ၇ ရက်နေ့၊ ကျူးကျော်တိုက်ခိုက်မှု ကျူးလွန်သူ တဦးလည်း ပါဝင်ခဲ့တယ်လို့ သူက ပြောပေမယ့် ဟားမားစ်တွေဖက်ကတော့ အဲဒီ အဆိုကို တူးတူးခါးခါး ပယ်ချထားပါတယ်။
ကုလသမဂ္ဂရဲ့ လူသားချင်း စာနာကူညီမှုဆိုင်ရာ အေဂျင်စီတွေကတော့ အစ္စရေး စစ်တပ်ဟာ ဆေးရုံတဝိုက်မှာ လက်ဖြောင့်တပ်သား စနိုက်ပါတွေ ဖြန့်ကျက်ထားပြီး အဲဒီအခြေအနေက ဆေးရုံကို စွန့်ခွာ ထွက်ပြေးတဲ့ လူနာတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို အကြီးအကျယ် ခြိမ်းခြောက်နေကြောင်း ဝေဖန် ပြောဆိုထားပါတယ်။
Ref: BBC