တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမှာတိုက်ပွဲရက်ဆက်ဖြစ်နေ

ဖေဖော်ဝါရီ ၁၅

ရေနက်ဆိပ်ကိမ်းစီမံကိန်းအပါအဝင် တရုတ်စီမံကိန်းကြီးရှိနေတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေ ရက်ဆက်ရှိနေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံထောင်ချီ ဘေးလွှတ်ရာတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့နဲ့ ငါးမိုင်ဝန်းကျင်အကွာ ငှက်ပျောချောင်းရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ရဲတပ်ရင်းဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရက္ခိုင့်တပ်တော်(AA)တို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကတည်းက နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြတာဖြစ်ပြီး ဒီနေ့အထိ ဆက်တိုက်ရှိနေတယ်လို့ ဆိုပါတယ်။

“ရဲတပ်ရင်းဆိုပေမယ့် စစ်သားတွေများတယ်၊ အဲဒီကောင်တွေ အပြင်ထွက်လာတော့ AA က ဖြတ်တိုက်တာမှာ ပွဲစဖြစ်တာ၊ အခုထိဆက်ဖြစ်နေကြတယ်၊ တိုက်ပွဲက အကြာကြီးဖြစ်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့် လေလယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတယ်”လို့  လေကြောင်း၊ လက်နက်ကြီးအန္တရာယ်ကြောင့် ဘေးလွှတ်ရာ တိမ်းရှောင်နေရတဲ့ ဒေသခံအမျိုးသားတဦးက DNA ကို ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အကျအဆုံးဆယ်ချီရှိနေတယ်လို့လည်း အနီးဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံတွေက ပြောကြပါတယ်။ “ဟိုတနေ့ကဆို အလောင်းတွေကို စစ်တပ်က ကားနဲ့တင်သွားတာ တွေ့လိုက်ကြတယ်၊ အကျဆုံးများနေတော့ ရွာတွေကိုပါ လျှောက်ပစ်နေတာ၊ ဒီနေ့လည်း ပစ်နေတယ်”လို့ ကျောက်ဖြူမြို့နယ် မလကျွန်းရွာမှ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ အဲဒီလို လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ငှက်ပျောချောင်း၊ ကုလာ ဘာ၊ ပြင်ချေ၊ ပြိုင်းစေ့ကေစတဲ့ရွာတွေအပါအဝင် အနီးဝန်းကျင်မှ ဒေသခံတွေဟာ ဘေးလွှတ်ရာတိမ်းရှောင်နေကြရပြီး လူဦးရေ ထောင်ချီရှိနိုင်တယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီတပ်ဟာ ငှက်ပျောချောင်းရွာနဲ့အနီးဝန်းကျင်နေရာတွေကို လေကြောင်းဗုံးကြဲတာအပြင် အထိုင်တပ်ရင်းတွေနဲ့ စစ်ရေယာဉ်တို့ကပါ လက်နက်ကြီးတွေနဲ့ နေ့ရော၊ ညပါ လှမ်းပစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကဆိုရင် လေကြောင်းကနေ ဗုံးအလုံးပေါင်း သုံးဆယ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး ကုလာဘာကျေးရွာနဲ့ အူချေထောင့်ရွာတို့ရှိ အရပ်သားတွေရဲ့ နေအိမ် လေးလုံးထက်မနည်းပျက်စီးသွားခဲ့တယ်လို့ AA ၊ ကိုးကန့်(MNDAA)၊ တအာင်း(TNLA)တို့ပါဝင်တဲ့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီပထမပတ်တုန်းကလည်း အခုတိုက်ပွဲဖြစ်နေတဲ့ ငှက်ပျောချောင်းရွာအနီး မလကျွန်းရွာဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါတယ်။ ဒါ့အပြင် သစ်ပုတ်တောင်ရွာအနီးရှိ စစ်ကောင်စီရေတပ်စခန်းကို AA က တိုက်ခိုက်တာ၊ အဲဒီအနီးစစ်ကောင်စီတပ်စစ်ကြောင်းကို ဖြတ်တိုက်တာတွေလည်း မကြာခဏ ရှိနေပါတယ်။

ရေတပ်စခန်းအနီးရှိ သစ်ပုတ်တောင်ရွာဝန်းကျင်ဟာ စစ်ကောင်စီက အကောင်အထည်ဖို့ စတင်ပြင်ဆင်နေပြီဖြစ်တဲ့ တရုတ်ရဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းတည်ဆောက်မယ့်မြေနေရာထဲမှာ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှာ စခဲ့တဲ့ ရခိုင်ဒေသတကျော့ပြန်တိုက်ပွဲတွေဟာ တရုတ်ရဲ့စီမံကိန်း တွေတည်ရှိရာ ပြည်နယ်အလယ်ပိုင်းကျောက်ဖြူမြို့နယ်အထိပါ ရောက်လာခဲ့တာဖြစ်ပြီး အဲဒီနဲ့ ထိစပ်နေတဲ့ ရမ်းဗြဲမြို့၊ အမ်းမြို့နယ်တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေရှိနေပါတယ်။

“တရုတ်က အပစ်ရပ်ဖို့ ဖိအားပေးနေပေမယ့် ကျောက်ဖြူထိပါ တိုက်ပွဲတွေဖြစ်လာတာကို ကြည့်ရင် အတိုင်းအတာတခုအထိ ဖွင့်ပေးထားတယ်လို့ ယူဆရတယ်”လို့ ရခိုင်ပြည်နယ်အတွင်းမှ တရုတ်စီမံကိန်းတွေကို လေ့လာစောင့်နေကြတဲ့ ဒေသခံတက်ကြွလှုပ်ရှားသူတဦးက ထောက်ပြပါတယ်။

AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ကိုယ့်တိုင်းပြည်အတွက် လိုအပ်တဲ့အလုပ်ကို လုပ်သင့်တဲ့ပုံစံမျိုးနဲ့ သူများတွေ(တရုတ်)နဲ့ ထိပ်တိုက်မတိုးအောင်၊ ကိုယ့်အလုပ်လည်း ပြီးမြောက်အောင် နည်းလမ်းရှာပြီး ကြိုးစားရတယ်လို့ ဘီဘီစီမြန်မာပိုင်းနဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

လက်ရှိမှာ ရက္ခိုင့်တပ်တော်(AA)ဟာ ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော။မောင်တောမြို့နယ်တောင်ပြိုမြို့နဲ့ချင်းပြည်နယ်ပလက်၀မြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ စစ်ကောင်စီတပ်ကတော့ အဲဒီလက်လွှတ်ထားရတဲ့ မြို့နယ်တွေအတွင်းမှ လူနေကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတာတွေ မကြာခဏလုပ်နေပြီး အရပ်သားသေဆုံးမှုတွေ ရှိနေပါတယ်။