မြောက်ခင်ရန်းစစ်အုပ်စုက အစုအပြုံလိုက်သတ်ဖြတ်မှုထပ်ကျူးလွန်၊လူဆယ်ဦးသေဆုံး

ဖေဖော်ဝါရီ ၊ ၁၅

တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို မီးရှို့သတ်မှုခဲ့တဲ့ ရုပ်သံဖိုင်ကြောင့် လူသိများခဲ့တဲ့ ဂန့်ဂေါနယ် မြောက်ခင်ရန်း ရွာက စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ နောက်ထပ်အစုအပြုံလိုက်သတ်ဖြတ်မှုတခုကို မနေ့ကထပ်ကျူး လွန် ခဲ့ပြီး တရက်တည်း လူဆယ်ဦးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

မြောက်ခင်ရန်းရွာမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ အဲ့ဒီရွာရဲ့ တောင်ဘက် တမိုင် လောက်အကွာမှာရှိတဲ့ သင်တောနဲ့ နောက်ထပ် မိုင်အနည်းငယ်သာထပ်ဝေးတို့ ရွှေဘိုရွာတွေဘက်ကို 

အင်အား နှစ်ရာဝန်းကျင်နဲ့ မနေ့က စစ်ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။ 

အဲ့ဒီလို စစ်ကြောင်းထိုးခဲ့တဲ့ စစ်အုပ်စုဟာ သင်တောရွာအတွင်း စီးနင်းဝင်ရောက်ချိန်မှာ ဖမ်းမိတဲ့ ရွာခံခုနစ်ဦးကို ရွာတောင်ဘက် ဘုရားကုန်းမှာ အစုအပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ် ချုပ် ရေးအဖွဲ့ ပအဖ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂန့်ဂေါခရိုင် အမှတ်(၁)တပ်ရင်းတို့က ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် ရွှေဘိုရွာထဲကိုလည်း စစ်အုပ်စုက ပစ်ခတ်စီးနင်းဝင်ရောက်ခဲ့ပြီး ကျည်ထိမှန်ဒဏ်ရာရထားတဲ့ အမျိုး သားတဦးနဲ့ ဖမ်းမိသူတဦးတို့ကိုထပ်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။

သတ်ဖြတ်ခံရသူအားလုံးဟာ အမျိုးသားတွေဖြစ်ပြီး အသက် ၂၅နှစ်အရွယ်ကနေ ၅၆နှစ်အရွယ်အထိ ပါဝင် တယ်လို့ ဂန့်ဂေါပအဖက အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ပျူစောထီးတွေဟာ သင်တောနဲ့ရွှေဘို ရွာတွေထဲက နေအိမ် ၂၆လုံးကို မီးရှို့ဖျက်ဆီး ခဲ့သလို ကျေးရွာတွေထဲရှိနေတဲ့ ဆန်၊ဆီ အပါအဝင် အခြေခံစားသောက်ကုန်တွေနဲ့ ပြည်သူပိုင်ကားတချို့ ကို လည်း ယူသွားကြတယ်လို့ ဂန့်ဂေါပအဖက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကလည်း မနေ့ကအခြေအနေတွေနဲ့ပတ်သက်လို့ ဖော်ပြကြတာ ရှိပြီး PDF တပ်ဖွဲ့ဝင်အနည်းဆုံးဆယ်ဦးသေဆုံးကာ လေးဦးကိုဖမ်းမိထားတယ်လို့ဖော်ပြကြပါတယ်။

စစ်ကောင်စီဘက်ကဖော်ပြချက်တွေမှာ  သေဆုံးသူတွေဟာ PDF တပ်ဖွဲ့ဝင်တွေလို့ဆိုပေမယ့် ဂန့်ဂေါ ပအဖနဲ့ PDF တို့ကတော့ သေဆုံးသူတွေဟာ အရပ်သားတွေသာဖြစ်ပြီး PDF ဝတ်စုံတွေအစားထိုးဝတ်ဆင်ပေးခဲ့တာလို့ ဆိုထားပါတယ်။ 

သေဆုံးသူတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကို DNAအနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးသလို ဂန့်ဂေါပအဖနဲ့ PDF တပ်ဖွဲ့တွေကိုဆက်သွယ်ဖို့ကြိုးစားပေမယ့် အဆက်အသွယ်မရသေးပါဘူး။

ဂန့်ဂေါဒေသမှာလည်းလှုပ်ရှားမှုရှိတဲ့ ယောဒေသကာကွယ်ရေးတပ် YDF တာဝန်ရှိသူတဦးကတော့ စစ် ကောင်စီနဲ့ပျူစောထီးစစ်ကြောင်းဟာ မနေ့က စစ်ကြောင်းထိုးလာချိန်မှာ ဒရုန်းတွေနဲ့ ကနဦးတိုက်ခိုက်ပြီးမှ ကျေးရွာတွေထဲ ပစ်ခတ်ဝင်ရောက်တာလို့ ပြောပါတယ်။

“အသတ်ခံလိုက်ရတဲ့သူတွေလည်း ရွာထဲပိတ်မိနေတဲ့သူတွေချည်းပဲ”လို့သူကပြောပါတယ်။ဒါပေမယ့် သေဆုံး သူတွေဟာ PDF တွေဆိုပြီးစစ်ကောင်စီဘက်က စွပ်စွဲထားတာနဲ့ပတ်သက်လို့တော့ တိတိကျကျမပြောနိုင် သေးဘူးလို့ဆိုပါတယ်။

မြောက်ခင်ရန်းရွာကနေ စစ်ကောင်စီစစ်ကြောင်းထွက်လာချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ဟန့်တားခဲ့ပေမယ့် ကျည်အင်အားလိုအပ်ချက်ကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် ဂန့်ဂေါခရိုင် အမှတ်(၁)တပ်ရင်းရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဂန့်ဂေါဒေသမှာ အခြေစိုက်လှုပ်ရှားတဲ့ ABSDF တပ်ဖွဲ့ စစ်ကြောင်း(၃)ကတော့ နှစ်ဖက်တိုက်ပွဲအတွင်း စစ် ကောင်စီဘက်က ခြောက်ဦးလောက်ထိခိုက်နိုင်ပြီးတော်လှန်ရေးတပ်တွေဘက်က ထိခိုက်မှုမရှိဘူးလို့ ဆိုပါ တယ်။

မနေ့ကစစ်ကြောင်းထိုးခံရတဲ့သင်တောရွာဟာ အိမ်ခြေနှစ်ရာကျော်ခန့်ရှိပြီး အဲဒီရွာထဲက နေအိမ် ၁၇၀ နီးပါးကို ၂၀၂၂ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့ဖူးသလို အိမ်ခြေ ခုနှစ်ရာလောက်ရှိတဲ့ ရွှေဘိုရွာက နေအိမ် သုံးဆယ်ထက်မနည်းကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ဖူးတယ်လို့ သိရပါတယ်။

photo ABSDF/ဂန့်ဂေါပအဖ