ပြည်ပအလုပ်ခေါ်စာ(Demand Letter)တွေ ပြန်တင်ခွင့်ပြု

ဖေဖော်ဝါရီ ၊ ၁၅

ပြည်ပနိူင်ငံတွေကနေ မြန်မာလုပ်သားခေါ်ဖို့ အကြောင်းကြားတဲ့ အလုပ်ခေါ်စာ(Demand Letter)အသစ်တွေကို ပြန်တင်ခွင့်ပြုလိုက်ပြီလို့ ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအဝိုင်းဆီကသိရပါတယ်။

Demand Letterအသစ်တင်တာကို မနေ့က နေ့လည်ပိုင်းကစပြီး ရပ်နားထားဖို့ စစ်ကောင်စီအလုပ်သမားညွန်ကြားရေးဦးစီးဌာနကနေ ညွန်ကြားခဲ့ပြီးဒီနေ့မှာ အရင်အတိုင်းပုံမှန်ဆက်လုပ်နိူင်ပြီလို့ အကြောင်းကြားကြောင်း သူတို့ကဆိုပါတယ်။

“ဟုတ်တယ်။ပြန်တင်ခွင့်ပေးလိုက်ပြီ။တော်သေးတာပေါ့”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တဦးကပြောပါတယ်။

Demand Letter အသစ်တွေတင်တာရပ်ထားဖို့ကို အလုပ်သမားညွန်ကြားရေးဦးစီးဌာနရဲ့တရားဝင် တယ်လီဂရမ်အကောင့်ဖြစ်တဲ့Safe Migration က အသိပေးခဲ့သလို အရင်အတိုင်းပုံမှန်ပြန်တင်နိူင်ပြီလို့ အဲဒီအကောင့်ကပဲ ဒီနေ့ထပ်ပြီး အသိပေးထားတာတွေ့ရပါတယ်။

ပြည်ပအလုပ်ခေါ်စာ Demand Letter တင်ခွင့်တွေပိတ်လိုက်ပြီဆိုတဲ့အတွက် မနေ့က အေဂျင်စီတွေရော၊ ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်ဖို့ပြင်ဆင်နေသူတွေပါ စိတ်ဓါတ်ကျ တာတွေဖြစ်ခဲ့ကြပါတယ်။

“အခွင့်အရေးပြန်ပေါ်တာပေါ့။သေချာတာကတော့ရတဲ့အခွင့်အရေးမလွတ်အောင် ပြည်ပထွက်ဖို့စုပြုံနေတော့မှာပဲ။ကိုယ်တွေလည်း တိုးရမှာပဲမတတ်နိူင်ဘူး”လို့ ဂျပန်နိူင်ငံကိုသွားရောက်ဖို့ပြင်ဆင်နေသူတဦးကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ပြည်ပသွားရောက်လုပ်ကိုင်မယ့် သူတွေအပေါ်မူဝါဒ မငြိမ်တာကြောင့် အပြောင်းအလဲထပ်ဖြစ်မှာကိုလည်း အေဂျင်စီတွေနဲ့အလုပ်သမားတွေစိုးရိမ်နေကြပါတယ်။

လက်ရှိမှာ ပြည်ပကို အလုပ်သမားစေလွှတ်ဖို့ အေဂျင်စီ ၅၀၀ ကျော်ကလိုင်စင်ရယူထားပြီး တလကို အလုပ်သမားဦးရေ တသောင်းနီးပါးပို့ဆောင်နေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်စာရင်းတွေအရသိရပါတယ်။

မြန်မာအလုပ်သမားတွေအနေနဲ့ ထိုင်း၊မလေးရှား၊စင်ကာပူ၊ ကိုရီးယား၊ ဂျပန်စတဲ့နိူင်ငံတွေဆီအများဆုံးသွားရောက်လုပ်ကိုင်နေကြတာလည်းဖြစ်ပါတယ်။

Photo-Social Media