စစ်စခန်း တိုက်ခိုက်မှုကို အစ္စရေးက လက်တုံ့ပြန်ခဲ့တာကြောင့် လက်ဘနွန်မှာ အသေအပျောက်တွေ ဖြစ်ပေါ်

ဖေဖော်ဝါရီ ၊ ၁၅

စစ်စခန်း တိုက်ခိုက်ခံရမှုအပြီး အစ္စရေးဖက်က လက်တုံ့ပြန်ခဲ့မှုတွေကြောင့် လက်ဘနွန်မှာ အရပ်သားတွေ သေဆုံးခဲ့ကြောင်း သိရပါတယ်။

 လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေ ဒုံးကျည်နဲ့ လှမ်းပစ်ခဲ့တာကြောင့် အစ္စရေး စစ်စခန်း တခုကို ထိမှန်ပြီး စစ်သားတယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး ဖေဖော်ဝါရီ ၁၄ ရက်မှာ အစ္စရေးက လက်ဘနွန် တောင်ပိုင်းကို ဒုံးကျည်တွေ၊ လက်နက်ကြီးတွေနဲ့ တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။

 အဲဒီ တိုက်ခိုက်မှုကြောင့် ဆူယာနား ဒေသမှာ အမျိုးသမီး တဦးနဲ့ ကလေးနှစ်ဦး သေဆုံးပြီး နာဘာတီယာမှာ မိသားစုဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ လက်ဘနွန် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ နောက်ပြီး ဟစ်ဇ်ဘိုလာ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးမှုကိုလည်း အီရန်ရဲ့ မဟာမိတ် ပြောက်ကျားအဖွဲ့က အတည်ပြု ကြေညာခဲ့ပါတယ်။

 အစ္စရေးဟာ နိုင်ငံတောင်ပိုင်းနဲ့ ထိစပ်နေတဲ့ ဂါဇာကမ်းမြှောင် ဒေသမှာ စစ်ဆင်ရေးတွေ ဆင်နွှဲနေသလို နိုင်ငံမြောက်ပိုင်း လက်ဘနွန်နဲ့ နယ်စပ်မှာလည်း တပ်အင်အား အများအပြား ဖြန့်ကျက်ထားပါတယ်။ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ စစ်ပွဲကြီး မဖြစ်သေးပေမယ့် ဂါဇာတိုက်ပွဲ ကာလတလျှောက် နယ်စပ်ဖြတ်ကျော် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပြီး အသေအပျောက် သတင်းတွေလည်း ကြားခဲ့ရပါတယ်။

 အဲဒီအခြေအနေတွေကြောင့်လည်း အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပိုမို ကျယ်ပြန့်လာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ အစ္စရေးကတော့ ဟစ်ဇ်ဘိုလာတွေရဲ့ ရန်စမှုကြောင့် လက်ဘနွန်ကို စစ်မီးကူးစက်နိုင်တဲ့ အခြေအနေဟာ လူအများ အပေါ်ယံ ယူဆထားတာထက် အများကြီး ပိုနီးစပ်လာနေပြီလို့ သတိပေးထားပါတယ်။

 အစ္စရေးစစ်တပ်နဲ့ ဟစ်ဇ်ဘိုလာတို့ဟာ ၂၀၀၆ ခုနှစ်တုန်းကလည်း ထိပ်တိုက်ရင်ဆိုင် စစ်ပွဲ ဖြစ်ခဲ့ဖူးပါတယ်။

 Ref: BBC