ဖေဖော်ဝါရီ ၊ ၁၅
ပြည်သူတွေကို စစ်မှုထမ်းအဖြစ် ဆွဲသွင်းမယ့် ဥပဒေကို အာဏာသိမ်း စစ်ကောင်စီက အသက်သွင်းလိုက် ကတည်းက လူမှုကွန်ရက်တွေမှာ အပြင်းအထန် ဝေဖန် ကန့်ကွက်မှုတွေ လွှမ်းမိုးနေခဲ့သလို တော်လှန်ရေးအပေါ် လူထုက ပိုမို အာရုံစိုက် ပါဝင်ဖို့ တောင်းဆိုမှုတွေလည်း မြင့်တက်လာပါတယ်။ အခုကိစ္စဟာ အာဏာသိမ်း စစ်တပ် ကိုယ်တိုင်အတွက်လည်း အလှည့်အပြောင်း တခုလို့ ဆိုနိုင်ပါတယ်။ တပ်မတော်လို့ ကိုယ့်ကိုယ်ကိုယ် ကိန်းကြီးခန်းကြီး သမုတ်ထားတဲ့ စစ်တပ်ဟာ ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေး အင်အားစု တခုလို့ ကြွေးကြော်ထားပေမယ့် ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အချီကြီး အထိနာတဲ့ ရှုံးနိမ့်မှုတွေ၊ အရေအတွက် တိုးလာတဲ့ တပ်ပြေး ပြဿနာတွေနဲ့ ရုန်းကန်နေရပါတယ်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီလို့ နာမည်ခံယူထားတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ ကာလရှည်ကြာ ပြဋ္ဌာန်းထားပေမယ့် လက်တွေ့ မကျင့်သုံးခဲ့တဲ့ ပြည်သူ့ စစ်မှုထမ်း ဥပဒေကို ချက်ချင်း အသက်ဝင်စေမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ကြေညာလိုက်ပါတယ်။ အဲဒီ ဥပဒေအရ လူငယ်တွေဟာ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေထဲမှာ အနည်းဆုံး ၂ နှစ် အမှုထမ်းရမှာဖြစ်ပြီး နိုင်ငံက အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ကာလတွေမှာတော့ အဲဒီကာလကို ၅ နှစ်ထိ ချဲ့ထွင်နိုင်မှာ ဖြစ်ပါတယ်။ ဆရာဝန်တွေ၊ နည်းပညာ ကျွမ်းကျင်သူတွေ အပါအဝင် ပညာရှင်အဖြစ် သတ်မှတ်ထားတဲ့ သူတွေကတော့ အနိမ့်ဆုံး စစ်မှုထမ်း ကာလဟာ ၃ နှစ်ထိ တိုးသွားတာကို ကြုံရမှာပါ။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တုန်းက စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံခေါင်းဆောင်တွေကို မတရား ဖမ်းဆီး အကျဉ်းချလိုက်တဲ့ အချိန်ကစလို့ အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာထားပါတယ်။
စစ်မှုမထမ်းမနေရ ဥပဒေ ကျင့်သုံးတော့မယ့် ကိစ္စနဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်း အသေးစိတ်ကို မသိရသေးပေမယ့် စစ်ကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ BBCနဲ့ အင်တာဗျူးမှာ စစ်မှုထမ်းသစ်တွေကို ဧပြီလကနေ စတင် ခေါ်ယူသွားမယ်လို့ မှတ်ချက် ပေးသွားပါတယ်။ ပထမအသုတ်မှာ လူသစ် ၅၀၀၀ လောက်ကို စုစည်း ခေါ်ယူသွားမယ်လို့လည်း သူက ဆိုပါတယ်။ နောက်ပြီး စစ်တပ်ဟာ ရှေ့တန်းက တိုက်ခိုက်ရေးသမားတွေအပြင် ကွန်ပျူတာ ပရိုဂရမ်မာတွေ၊ စီးပွားရေး သမားတွေ၊ ဂျာနယ်လစ်တွေ အစရှိတဲ့ ပညာရှင်တွေကိုလည်း လိုအပ်နေပါတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက အတည်ပြုသွားပါတယ်။
ဒါပေမဲ့လည်း ကိုယ့်ကို မလိုလားသူတွေကို တပ်ထဲ ဆွဲသွင်းမယ့် စစ်မှုမထမ်းမနေရ စနစ်ကို အကောင်အထည် ဖော်တယ် ဆိုတာက တပ်ထဲကို တော်လှန်ရေး အင်အားစုတွေ စိမ့်ဝင်လာအောင် အခွင့်အရေး ပေးမိပြီး ဒုက္ခသည် ပြဿနာ ပိုဆိုးလာအောင် လုပ်ရုံသက်သက်ပဲလို့ လွတ်လပ်တဲ့ သံတမန်ရေးရာ လေ့လာသူ၊ ဒတ်ချ် သံအမတ်ကြီးဟောင်း လေတစ်ရှာ ဗန်ဒန် အက်ဆမ်က ပြောပါတယ်။
Nikkei Asiaဟာ အခုကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာရှိတဲ့ လူပုဂ္ဂိုလ်နဲ့ လေ့လာသူ ၃၀ ဝန်းကျင်ကို သဘောထား အမြင်တွေ မေးမြန်းတီးခေါက်ကြည့်ခဲ့ပြီး လူမှုကွန်ရက်တွေပေါ်မှာ တင်ထားတဲ့ ပို့စ်ပေါင်း ၁၀၀ လောက်ကိုလည်း လေ့လာကြည့်ခဲ့ပါတယ်။ သေချာတာကတော့ စစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ကြေညာချက်ဟာ အူလှိုက်သည်းလှိုက် ဆန့်ကျင်မှုတွေနဲ့သာ ကြုံနေရတယ် ဆိုတာပါပဲ။ အနည်းအကျဉ်းလောက်ကတော့ အဲဒီဥပဒေကို လိုက်နာသွားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အများစုကတော့ စစ်မှုထမ်းဖို့ ဆင့်ခေါ်လာရင် နိုင်ငံခြားကို ရရာနည်းလမ်းနဲ့ ထွက်ပြေးတာ၊ ဒါမှမဟုတ် တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းတာမျိုးတွေကိုပဲ ရွေးမယ်လို့ ဖွင့်ဟထားကြပါတယ်။
တချို့ကလည်း ကိုယ့်ကိုယ်ကိုယ် တခုခု မသန်စွမ်း ဖြစ်သွားအောင် လုပ်ပြီး စစ်မှုထမ်းဖို့ ဆင့်ခေါ်လာမှုကို ရှောင်ရှားဖို့ စဉ်းစားထားတယ်လို့ ဆိုတယ်။ အမျိုးသမီး အများစုကလည်း အိမ်ထောင်သည် အမျိုးသမီးတွေ စစ်မှုထမ်း ကင်းလွတ်ခွင့် ရမယ်ဆိုလို့ မြန်မြန် အိမ်ထောင်ပြုဖို့ စဉ်းစားနေကြောင်း ပြောပါတယ်။
အမျိုးသားတွေနဲ့ ပတ်သက်ရင်တော့ ဘုန်းကြီးဝတ်မှ၊ နိုင်ငံထဲကနေ စွန့်ခွာ ထွက်ပြေးမှ၊ ဒါမှမဟုတ် ဆိုင်ရာပိုင်ရာတွေကို လာဘ်ထိုးမှပဲ လွတ်လမ်း ရှိလာနိုင်တယ်လို့ ရန်ကုန်မြို့ အခြေစိုက် လေ့လာ စောင့်ကြည့်သူ တဦးက မှတ်ချက် ပေးခဲ့ပါတယ်။
“ကျွန်တော့် မိတ်ဆွေတွေကတော့ စစ်မှုထမ်းအဖြစ် ဆင့်ခေါ်မှုကနေ လွတ်ဖို့ လိုက်လျော ပေးကမ်းဖို့ အသင့်ပဲလို့ ပြောနေကြတယ်။ ဒီအတွေးမျိုးက လူလတ်တန်းစားတွေထဲမှာ တော်တော်လေး ပျံ့နှံ့နေပါတယ်။ ငွေကြေး မတတ်နိုင်တဲ့ သူတွေကျတော့ ပိုပြီး လွန်ကဲတဲ့ နည်းလမ်းတွေကို စဉ်းစားနေကြရတယ်။ အောက်လမ်းကနေ ပြည်ပကို ထွက်ပြေးမလား၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်ရမလား ဆိုတာမျိုးတွေပေါ့။ တချို့ကလည်း ဘုန်းကြီးဝတ်ဖို့ စဉ်းစားနေတယ်”လို့ သူက ဆိုတယ်။
Nikkei Asiaက အင်တာဗျူးခဲ့သူတွေထဲက ၁၀ ရာခိုင်နှုန်းအောက်သာ သူတို့အနေနဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ် ခံရရင်လည်း လာမယ့်ဘေး ပြေးတွေ့ပြီး လက်ခံလိုက်တော့မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ တယောက်မှတော့ လိုလိုလားလား မရှိဘဲ ဒေါသစိတ်၊ ကြောက်စိတ်တွေနဲ့ ပိတ်လှောင်နေတယ်လို့ ဝန်ခံကြပါတယ်။ စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကို တိမ်းရှောင်ရင် ထောင်ဒဏ် ၅ နှစ်နဲ့ ငွေဒဏ်ဆိုတဲ့ ပြင်းထန်လွန်းတဲ့ ဥပဒေ သတ်မှတ်ချက်မျိုးက ပြည်သူတွေက အာခံ ငြင်းဆိုဖို့အရေး တွန့်ဆုတ်နေစေပြန်တယ်။
“ကျွန်တော့်ကို တပ်ထဲ ခေါ်သွားရင်တော့ ပေးစရာ ငွေလည်းမရှိ၊ ပြေးစရာ မြေလည်းမရှိတာကြောင့် လိုက်သွားရမှာပါပဲ။ ဒါပေမဲ့ တပ်ထဲမှာ ရှိနေချိန် တော်လှန်ရေး အင်အားစုတွေအတွက် သတင်းပေးအဖြစ် အတတ်နိုင်ဆုံး ကူညီ လုပ်ဆောင်ပေးသွားမယ်”လို့ ရန်ကုန်က ကုမ္ပဏီ တခုမှာ အလုပ်လုပ်နေပြီး ညပိုင်းဆိုရင် ဘားတခုမှာ အရက်စပ်တဲ့ အချိန်ပိုင်းအလုပ် လုပ်နေသူ ကိုမှိုင်းဝေက ဆိုပါတယ်။ “လူငယ် PDF (ပြည်သူ့ ကာကွယ်ရေး တပ်မတော်) အဖွဲ့သားတွေနဲ့ မဖြစ်မနေ ရင်ဆိုင်တွေ့ဖို့ထိ ဖိအားပေး ခံလာရရင်တော့ ကိုယ့်ဖာသာ ဗုံးခွဲ သတ်သေရုံပဲ ရွေးစရာ ရှိတော့မှာပေါ့လေ”လို့လည်း သူက ဆက်ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုအပြီး တက္ကသိုလ် ပညာရေး ယာယီ ဆိုင်းငံ့ထားရပြီး အွန်လိုင်း သင်ရိုးတွေနဲ့ပဲ ရှေ့ဆက်နေတဲ့ အသက် ၂၀ အရွယ် ဂျေးဆိုတဲ့ ကျောင်းသားလေးကတော့ သူ့ကို လာခေါ်ရင် စစ်မှုထမ်းအဖြစ် လိုက်သွားပြီး အခွင့်အရေး ရတာနဲ့ တော်လှန်ရေးဖက်ကို ခိုလှုံဖို့ တွေးထားတယ်လို့ ပြောပြပါတယ်။ “အွန်လိုင်းက ကျွန်တော့် အတန်းဖော်တွေက ကျွန်တော့်ဆီ ဖုန်းဆက်ပြီး ငိုယိုနေကြတယ်။ ကျွန်တော်တို့အားလုံး လမ်းပျောက်နေသလိုပဲ။ ကျွန်တော့်ကို စစ်သားအဖြစ် အတင်းဆွဲသွင်းခဲ့ရင်တော့ နောက်ပိုင်းမှာ ပြည်သူ့ရင်ခွင် အဖွဲ့ဆီ ဆက်သွယ်ဖို့ စဉ်းစားထားပါတယ်။ အဲဒီနောက်မှာ ကျွန်တော်က အလင်းဝင်သွားမှာပါ”လို့ သူက ဆိုတယ်။ ပြည်သူ့ရင်ခွင်ဟာ အာဏာသိမ်း စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေ အလင်းဝင်နိုင်အောင် ကူညီပေးနေတဲ့ အဖွဲ့အစည်းပါ။
ရန်ကုန်မှာ ငါးစိမ်းရောင်းနေတဲ့ အမျိုးသား တယောက်ကတော့ ပိုတင်းမာ ပြတ်သားတဲ့ သဘောထားမျိုးကို ထုတ်ပြောပါတယ်။ “သူတို့ခေါ်လို့ တပ်ထဲလိုက်သွားမယ့်အစား ကျွန်တော့်လက်ချောင်း တချို့ကို ဖြတ်လိုက်မယ်ဗျာ”လို့ သူက ဆိုတယ်။
စစ်မှုထမ်း ဥပဒေ ဂယက်ကြောင့် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုနဲ့ ဝန်ထမ်းတွေရဲ့ စိတ်အခြေအနေအပေါ် ထိခိုက်လာနိုင်တာနဲ့ ပတ်သက်ပြီး နိုင်ငံခြားနဲ့ မြန်မာ စီးပွားရေး လုပ်ငန်းရှင် တချို့က စိုးရိမ်နေကြတယ်။ ဒါပေမဲ့လည်း တချို့ကတော့ စစ်မှုထမ်းဖို့ ဆင့်ခေါ်မှုဟာ ကနဦး အဆင့်တွေမှာတော့ ရန်ကုန်ပြင်ပ ဧရိယာတွေကိုပဲ ပစ်မှတ်ထားဖွယ် ရှိတယ်လို့ သုံးသပ်ထားကြပါတယ်။
“ကျွန်တော့် ဝန်ထမ်းတွေက တော်တော် လန့်နေတာဗျ။ ဒီကိစ္စကြီး လက်တွေ့ ကြုံလာပြီဆိုရင် ဘာလုပ်ကြမလဲ ဆိုတာကိုတောင် သူတို့က ကြိုစဉ်းစားပြီး ပြင်ဆင်နေကြပြီ။ ပြည်ပထွက်မလား၊ ဘွဲ့လွန် ဆက်တက်မလား၊ ဒါမှမဟုတ် တော်လှန်ရေး တပ်ဖွဲ့တွေထဲပဲ ဝင်ရမလား ဆိုတာတွေ မျိုးစုံ တွေးနေကြတယ်”လို့ ရန်ကုန် အခြေစိုက် လုပ်ငန်းတခုရဲ့ အမှုဆောင် တယောက်က ပြောပါတယ်။ သူကဆက်ပြီး “ဒါပေမဲ့ စစ်တပ်ဟာ အစောပိုင်း အဆင့်မှာတော့ ရန်ကုန်က ရုံးဝန်ထမ်းတွေကို ပစ်မှတ်ထားမယ့် အလားအလာ မရှိသေးဘူး။ အဲဒီအစား ဒုတိယအဆင့် မြို့ငယ်တွေထဲက ကိုယ့်လွတ်လပ်ခွင့် ကိုယ်ဝယ်ယူဖို့ မတတ်နိုင်တဲ့ လူတန်းစားတွေကို ဒုက္ခပေးနိုင်တယ်။ သူတို့အတွက်တော့ စိတ်မကောင်းစရာပါပဲ”လို့လည်း မှတ်ချက် ပေးခဲ့ပါတယ်။
အကဲခတ် အားလုံးလိုလိုက တညီတညွတ်တည်း ယူဆနေတာကတော့ စစ်မှု မထမ်းမနေရ စနစ်ကို အသက်သွင်းတယ် ဆိုတာဟာ မြန်မာစစ်တပ်က ကြံရာမရတွေ ဖြစ်နေတယ်ဆိုတာကို ညွှန်ပြနေခြင်း ဆိုတာပါပဲ။ အထူးသဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အော်ပရေးရှင်း ၁၀၂၇ ကို အစပြုခဲ့တဲ့ အောက်တိုဘာလ နှောင်းပိုင်းကစလို့ မြန်မာနိုင်ငံ အနှံ့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ခုခံစစ်ပွဲတွေက ဆက်တိုက် အားကောင်းလာနေပါတယ်။
ပြည်သူတွေကို စစ်ထဲဆွဲသွင်းဖို့ ကြိုးစားတဲ့ လုပ်ရပ်ဟာ စစ်ရေးအရလည်း အကျိုးကျေးဇူး အနည်းအကျဉ်းလောက်ပဲ ရှိနိုင်တယ်လို့ လွတ်လပ်တဲ့ နိုင်ငံရေး သုတေသီ တဦးဖြစ်သူ အက်ဒရီယန် ရိုဗဲလ်က ဆိုပါတယ်။ အခု လုပ်ရပ်ကြောင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ စစ်ရေး ချိန်ခွင်လျှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်စရာ ဘယ်လို အကြောင်းမျိုးမှ ကျွန်တော် မမြင်ဘူး။ စစ်ကောင်စီအတွက် တကယ်တမ်း လိုနေတာက စစ်ရည်ဝနေတဲ့ အကြမ်းပတမ်း ခံနိုင်တဲ့ တိုက်ခိုက်ရေး တပ်တွေပါ။ သီတင်းပတ် နည်းနည်းလောက် သင်တန်းတက်ခိုင်းပြီး အတင်းဆွဲခေါ်လို့ စစ်ထဲ လိုက်လာသူ တအုပ်တမကြီးကို သီးခြား ဘာအထောက်အပံ့မှ၊ ဘာဦးဆောင်မှုမှ မပေးနိုင်ဘဲ ရှေ့တန်းလွှတ်လိုက်လို့ကတော့ အမြောက်စာ ဖြစ်ကုန်မှာပေါ့”လို့ သူက ဝေဖန်ခဲ့ပါတယ်။
“စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တွေက အရပ်သားတွေ၊ အထူးသဖြင့် ရွာသားတွေကို အတင်း လူသစ် စုဆောင်းတာတွေ ကျွန်တော်တို့ မြင်ခဲ့ဖူးပြီးပြီ။ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေထဲမှာလည်း အဲဒီနည်းကို ကျင့်သုံးတယ်လို့ စွပ်စွဲခံရတဲ့ အဖွဲ့အစည်းတွေ ရှိနေပါတယ်။ အခုကိစ္စနဲ့ မတူတာကတော့ ဆိုးသွမ်းတဲ့ ရည်မှန်းချက်အတွက် စစ်သားသစ်တွေ ခေါ်ယူဖို့ကို ဥပဒေကြောင်းအရ ဘောင်ဝင်လာအောင် လုပ်နေတယ် ဆိုတာပဲ”လို့ ရိုဗဲလ်က ဆက်ပြောပါတယ်။
အော်ပရေးရှင်း ၁၀၂၇ နောက်ပိုင်းတလျှောက် စစ်တပ်ဟာ တိုက်ပွဲ ပြင်းထန်နေရာ ဒေသတွေမှာ တပ်ပြေးဦးရေ မြင့်တက်လာတာ၊ ထိခိုက်သေဆုံးမှု များပြားတာ၊ တော်လှန်ရေးဖက် အလင်းဝင်ကုန်တာတွေကြောင့် လူအင်အား မြန်မြန်ဆန်ဆန် ယုတ်လျော့ ကျဆင်းလာနေပါတယ်။ နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အနောက်ပိုင်း ဒေသတွေမှာ မြို့ပေါင်း ၃ ဒါဇင် ဝန်းကျင်လောက်ဟာ တော်လှန်ရေး အင်အားစုတွေ လက်ထဲ ကျရောက်ကုန်ပါတယ်။ ထောင်နဲ့ချီ များပြားတဲ့ စစ်သားတွေက တိုင်းရင်းသား တော်လှန်ရေး တပ်တွေဆီမှာ လက်နက်ချကြတာ၊ နောက်ပြီး ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နဲ့ အိန္ဒိယ နယ်စပ်တွေကို ဖြတ်ကျော်ပြီး သေပြေးရှင်ပြေး ထွက်ပြေးရတာတွေဟာ လူမှုကွန်ရက်တွေပေါ်မှာ လှောင်ပြောင်စရာ သတင်းတွေ ဖြစ်နေပြီး စစ်တပ်ကို အကြီးအကျယ် အရှက်ကွဲစေပါတယ်။
ဇော်မင်းထွန်းကတော့ နိုင်ငံရဲ့ လက်ရှိ အခြေအနေတွေအရ ပြည်သူတရပ်လုံး စုပေါင်း တာဝန်ယူကြဖို့ အားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ ခပ်တည်တည် ပြောခဲ့ပါသေးတယ်။
၂၀၁၀ ပြည့်နှစ် ပြည်သူ့ စစ်မှုထမ်း ဥပဒေအရ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား အမျိုးသားတွေ၊ အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်ကြား အမျိုးသမီးတွေဟာ ၂ နှစ်ကြာ စစ်မှုထမ်းဖို့ လိုအပ်ပြီး နိုင်ငံက အရေးပေါ် အခြေအနေ ကြုံနေရင် အဲဒီကာလကို ၅ နှစ်ထိ ချဲ့ထွင်ခွင့် ရှိပါတယ်။ နည်းပညာပိုင်းနဲ့ တခြားနယ်ပယ်တွေမှာ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေရဲ့ အသက်ကန့်သတ်ချက်ကိုတော့ အမျိုးသားဆိုရင် ၄၅ နှစ်၊ အမျိုးသမီးဆိုရင် ၃၅ နှစ်ထိ တိုးမြှင့်ပေးထားပြီး စစ်မှုထမ်း ကာလကလည်း ၃ နှစ်ကနေ ၅ နှစ်ထိ ဖြစ်သွားပါတယ်။
ကျောင်းသားတွေ၊ အစိုးရ ဝန်ထမ်းတွေ၊ မိအိုဖအိုတွေကို ပြုစု စောင့်ရှောက်နေရသူတွေ၊ မူးယစ်ဆေး ဖြတ်နေရသူတွေ၊ ဆေးဝါးကုသမှု ခံယူနေရသူတွေ၊ ထောင်ဒဏ် ကျခံနေရသူတွေကတော့ စစ်မှုထမ်းအဖြစ် ဆင့်ခေါ်မှုကနေ ယာယီ ရွှေ့ဆိုင်းခွင့် ရကြပါတယ်။ ဒါပေမဲ့လည်း နောင်တချိန်မှာတော့ အသက် ကန့်သတ်ချက် ကျော်လွန်သွားရင်တောင်မှ သတ်မှတ် စစ်မှုထမ်းကာလ ပြည့်မီအောင် အစားထိုး တာဝန်ထမ်းဆောင်ရမယ်လို့ ဥပဒေက ပြဋ္ဌာန်းထားပါတယ်။
သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်ရှင် အမျိုးသမီးတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေ၊ စစ်မှုထမ်းဖို့ လုံးဝ မသင့်လျော်ကြောင်း စစ်မှုထမ်း ဘုတ်အဖွဲ့ရဲ့ ဆေးစစ်ဌာနကက ဆုံးဖြတ်ထားသူတွေနဲ့ ဘုတ်အဖွဲ့က အထူးခွင့်ပြုချက်နဲ့ ကင်းလွတ်ခွင့် ပေးထားသူတွေကတော့ စစ်မှုထမ်း ဥပဒေရဲ့ လက်တံတွေကနေ လုံးဝဥဿုံ လွတ်မြောက်နေမှာပါ။
အကဲခတ်တွေကတော့ အခု စစ်မှုထမ်း ဥပဒေဟာ ၁၉၄၈ ခုနှစ်မှာ ဗြိတိသျှတွေ လက်အောက်ကနေ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တဲ့ ကာလတလျှောက်လုံး မကြုံစဖူး လွန်ကဲလွန်းတဲ့ တပ်သားသစ် စုဆောင်းရေး မူဝါဒမျိုး ဖြစ်လာတယ်လို့ ပြောပါတယ်။ နောက်ပြီး ဘုတ်အဖွဲ့က အထူးခွင့်ပြုချက်နဲ့ ကင်းလွတ်နိုင်သူတွေဆိုတဲ့ သတ်မှတ်ချက်ကလည်း တချို့အတွက် ခပ်လွယ်လွယ်နဲ့ ရသွားနိုင်တဲ့ မမျှတတဲ့ ဂယ်ပေါက်တခုလို ဖြစ်နေပါတယ်။ “သဘောကတော့ဗျာ၊ ဆိုင်ရာပိုင်ရာတွေကို ငွေနဲ့ပေါက်နိုင်တဲ့၊ ဒါမှမဟုတ် ဩဇာလွှမ်းမိုးနိုင်တဲ့ သူတွေကတော့ အေးဆေး ဆိုတာပါပဲ”လို့ ရန်ကုန် အခြေစိုက် သံတမန် အသိုက်အဝန်းနဲ့ ဆက်စပ်သူ တဦးက ပြောပါတယ်။
လေ့လာသူတွေက စစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ သတ်မှတ်ချက်ဟာ ပြည်သူတွေ အချင်းချင်းကို ပြန်ပြီး တိုက်ခိုက်ခိုင်းတဲ့ နည်းလမ်းပေါင်းစုံထဲက တခုလို့ သတိပေးထားပါတယ်။ ဗမာ့ ပြည်သူ့ လွတ်မြောက်ရေး တပ်တော် (BPLA)ကတော့ “စစ်ကောင်စီ လက်အောက်မှာ စစ်မှုထမ်းမလား၊ တော်လှန်ရေး တပ်ထဲ စစ်မှုထမ်းမလားဆိုတာ ရွေးချယ်ရတော့မယ့် အချိန်ကို ရောက်ရှိလို့ လာပါပြီ”လို့ Facebookမှာ ရေးသားပြီး လူငယ်တွေကို လာရောက် ပူးပေါင်းဖို့ ဖိတ်ခေါ်ထားပါတယ်။
အခုဆိုရင် စစ်တပ်က စစ်မှုထမ်းတွေ ဆင့်ခေါ်မယ့် အချိန်သတ်မှတ်ချက်ကို ပိုပြီး ရှင်းရှင်းလင်းလင်း မှတ်ချက်ပေးထားပေမယ့် အရပ်သားတွေက စစ်လက်နက်တွေကို ဘယ်လို ကိုင်တွယ်မလဲ၊ ဒါမှမဟုတ် အရေးပါတဲ့ တိုက်ခိုက်ရေး ကဏ္ဍတွေမှာ ဘယ်လို တာဝန်ယူမလဲ ဆိုတာတွေက သံသယကြီးကြီးနဲ့ မေးခွန်းထုတ်စရာတွေ ဖြစ်နေဆဲလို့ Nikkei Asiaက ဆက်သွယ် မေးမြန်းခဲ့တဲ့ သံတမန် သတင်းရင်းမြစ်က ပြောပါတယ်။ “ကြည့်ရသလောက်က သီးသန့် လေ့ကျင့်ပေးတာမျိုးတောင် မဟုတ်ဘဲ ထောက်ပံ့ရေး ကဏ္ဍလောက် အခြေခံ သင်တန်းတွေပဲ လူသစ်တွေကို ပေးမယ့်ပုံ ပေါ်တယ်။ အရင် စစ်အာဏာရှင်တွေ လက်ထက်ကတည်းက ပုံစံအတိုင်း အရပ်သားတွေကို ပေါ်တာ အထမ်းသမားတွေ၊ လူသားဒိုင်းတွေ၊ မိုင်းရှင်းသမားတွေအဖြစ် အသုံးချတာမျိုးတွေလည်း ဖြစ်လာနိုင်တယ်”လို့လည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။
“လူသားဒိုင်းတွေ၊ ပေါ်တာ အထမ်းသမားတွေအဖြစ် လူတွေကို သူတို့က အသုံးချချင်မှန်း အသိသာကြီးပါ။ စစ်တပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ လောက် ဒါမျိုး လုပ်ခဲ့ဖူးပြီးသား ဖြစ်ပါတယ်”လို့ စစ်တပ်ကို စွန့်ခွာလာသူတွေကို ကူညီနေတဲ့ ပြည်သူ့ပန်းတိုင် အဖွဲ့ကို ပူးတွဲ ထူထောင်သူ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။ “ဒါပေမဲ့ မျက်မှောက်ကာလမှာ စစ်တပ်ဟာ ခြေကုန်လက်ပန်း ကျနေပြီ ဆိုတာကို ကျွန်မတို့ တွေ့နေရတယ်။ စစ်မြေပြင်တွေက နေရာအနှံ့မှာ ပေါ်လာတယ်။ တိုင်းရင်းသားတွေရော၊ လူများစု ဗမာတွေကပါ သူတို့ကို ဘုံရန်သူအဖြစ် သတ်မှတ်ပြီး ဝိုင်းတိုက်နေကြတယ်”လို့လည်း သူက ဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် စစ်မှုထမ်းအဖြစ် ဆင့်ခေါ်မယ့် ဥပဒေနဲ့ ပတ်သက်လို့ အဆောတလျင် မေးခွန်းထုတ်ရမယ့် ကိစ္စတွေတော့ ရှိနေဆဲပါပဲ။ “သမ္မတဟောင်း ဦးသိန်းစိန် ပြောဖူးတာရှိတယ်။ သေနတ်ကိုင်ထားတဲ့ လက်တွေထဲမှာ Laptop ကွန်ပျူတာတွေ ပြောင်းပြီး ကိုင်နေတာ သူမြင်ချင်တယ်တဲ့။ မင်းအောင်လှိုင်ကတော့ Laptop ကိုင်နေတဲ့ သူတွေလက်ထဲ သေနတ် အတင်းထိုးထည့်ပေးနေတာပါပဲ။ ကျွန်တော် မေးချင်တာက စစ်တပ်က အကောင်ကြီးကြီးတွေက သူတို့ သားသမီးတွေ၊ ပြီးတော့ လူချမ်းသာတွေကိုရော တပ်ထဲဝင်ခိုင်းမှာလား ဆိုတာပါပဲ”လို့ ကိုမှိုင်းဝေက နာနာကျည်းကျည်း ပြောကြားသွားပါတယ်။
(Nikkei Asia၏ ‘I’d rather cut off a few fingers’: Myanmar’s draft fuels popular backlash ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)