ဖေဖော်ဝါရီ ၊ ၁၄
ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ဒေသတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ တပ်မမှူးတဦးနဲ့ ဗျူဟာမှူးတဦးကို အရှင် ဖမ်းမိထားကာ နောက်ထပ် အဲ့ဒီအဆင့် အရာရှိတဦးစီကတော့ သေဆုံးခဲ့ပြီး အလောင်းတွေရခဲ့တယ်လို့ ရခိုင့် တပ်တော် AA ကအခုညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် နောက်ထပ်တပ်မမှူးတဦးကတော့ ပျောက်ဆုံးနေပြီး သူ့ရဲ့အခြေအနေကို အတည်မပြုနိုင်သေးဘူး လို့ လည်းဖော်ပြထားပါတယ်။
ဒါကြောင့် အခု AA ဘက်ကထုတ်ပြန်တဲ့ စာရင်းအရ ပလက်ဝနဲ့ ရခိုင်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တပ်မမှူးသုံးဦးနဲ့ ဗျူဟာမှူးနှစ်ဦး ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။
ရခိုင့်တပ်တော်က အရှင်ဖမ်းမိထားသူနှစ်ဦးက စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၉)တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ စကခ(၉)လက်အောက်ခံ နည်းဗျူဟာ(၃)ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ညီညီဝင်းတို့ဖြစ် တယ်လို့ ဖော်ပြထားပါတယ်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို အခုလ ၇ရက်နဲ့၈ရက်တို့က ကျောက်တော်မြို့နယ် အပေါက်ဝရွာအနီးမှာဖြစ်ခဲ့တဲ့ ရေကြောင်းတိုက်ပွဲအတွင်း အသက်လုထွက်ပြေးနေချိန် တခြားတပ်ဖွဲ့ဝင်တချို့နဲ့အတူ ဖမ်းမိခဲ့တာလို့ဆိုပါတယ်။
ဗျူဟာမှူူး ဒုဗိုလ်မှူးကြီး ညီညီဝင်းကိုတော့ အခုနှစ် ဇန်နဝါရီ၆ရက်က ဖမ်းမိခဲ့တာလို့ဖော်ပြထားပြီး ဖမ်းမိခဲ့တဲ့ နေရာကိုတော့ ဖော်ပြမထားပါဘူး။သူ့ကိုဖမ်းမိခဲ့ချိန်က ဦးခေါင်းနဲ့ရင်ဘတ်တို့မှာ ဒဏ်ရာတွေရထားပြီး သေလု မျောပါးဖြစ်နေပြီလို့ ရခိုင့်တပ်တော်AA ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ AAဘက်က ပြုစုစောင့်ရှောက်ပေးထားတာကြောင့် အသက်ဘေးကင်းပြီဖြစ်ကာ ပြန်လည်ကျန်းမာနေပြီလို့လည်း ဆိုပါတယ်။ဒုဗိုလ်မှူးကြီး ညီညီဝင်းကိုဆေးကုသပေးနေတဲ့ရုပ်သံမှတ် တမ်းကို လည်း AAက ပူးတွဲဖော်ပြထားပါတယ်။
တိုက်ပွဲတွေအတွင်း သေဆုံးခဲ့ကာ အသေဖမ်းမိတယ်လို့ AA ကဖော်ပြထားသူတွေကတော့ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းနဲ့ နှုးဘူးဗျူဟာမှူး ဒုဗိုလ်မှူးကြီး ဗညားပိုင်စိုးတို့ဖြစ်ပါတယ်။
သူတို့ကိုတော့ မြောက်ဦးအခြေစိုက် ခမရ ၃၇၇ ကို အခုလ၇ရက်က သိမ်းပိုက်ခဲ့တဲ့ တိုက်ပွဲနဲ့ နှုးဘူးဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်ချိန် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ဒုတိယပတ်အတွင်းတိုက်ပွဲတွေမှာ အသေဖမ်းမိခဲ့တာလို့ ဖော်ပြ ထားပါတယ်။
နောက်ထပ်တပ်မမှူး အဆင့်အရာရှိတဦးဖြစ်တဲ့ စကခ(၁၉)ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်ဇင်မျိုးဆွေ ကတော့ပျောက်ဆုံးနေပြီးရေထဲနစ်မြှုပ်သေဆုံးသွားတာ၊တိုက်ပွဲအတွင်းသေဆုံးခဲ့တာ၊ဒါမှမဟုတ်ထွက်ပြေးလွတ် မြောက်သွားတာလားဆိုတာ အတည်မပြုနိုင်သေးဘူးလို့ AA က အသိပေးထားပါတယ်။
ရခိုင့်တပ်တော် AA အနေနဲ့ တိုက်ပွဲတွေအတွင်းဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကိုစစ်သုံပန်းဥပဒေနဲ့အညီ၊လက်နက်ချအ ညံ့ခံသူတွေကို လက်နက်ချသူအဖြစ်ထိန်းသိမ်းထားသလိုအညံ့ခံသူတွေနဲ့အတူ ပါလာတဲ့မိသားစုဝင်တွေ၊ ဆွေမျိုး တွေနဲ့ အရပ်သားတွေကိုလည်း ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ဆိုပါတယ်။
ဒါ့အပြင်တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိတဲ့ ဒဏ်ရာရထားသူသုံပန်းတွေနဲ့ လက်နက်ချအညံ့ခံသူတွေထဲက ဒဏ်ရာ ရသူတွေကိုလည်း ရှိတဲ့ဆေးဝါးတွေနဲ့ အကောင်းဆုံးကုသပေးထားတယ်လို့ဖော်ပြထားပါတယ်။
အလားတူ စစ်ဘက်၊ ရဲဘက်နဲ့ သူတို့ရဲ့မိသားစုဝင်တွေထဲက ပြင်းထန်ဒဏ်ရာရရှိခဲ့သူတွေရဲ့ အသက်နဲ့ ခန္ဓာကို လည်း ရခိုင့်တပ်တော်ရဲ့ ဆေးဘက်ဆိုင်ရာတပ်ဖွဲဝင်တွေက ကယ်တင်ထားတယ်လို့ ဆိုပါတယ်။