AAသိမ်းပိုက်ထားတဲ့ ပေါက်တောမြို့နယ်ကို စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲလို့စစ်ရှောင်ကလေးငယ်​တွေအပါအ၀င် ကိုးဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၄

ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ် ကျောက်ပြင်နဲ့ တောင်ဦးမော်ရွာတို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးလာကြဲတာကြောင့် စစ်ရှောင်ကလေးငယ်နဲ့အမျိုးသမီးတွေအပါအ၀င် ကိုးဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညည့်သန်းခေါင်ချိန်မှာ စစ်ကောင်စီရဲ့ Y12 ထောက်ပို့လေယာဉ်နဲ့  အဲဒီရွာတွေအတွင်းဗုံးအလုံး တဆယ်လောက် ကြဲချခဲ့တာပါ။

“လူအိပ်ချိန်မှာ တမင်လာချတာ၊ ရွာထဲကို ချတယ်၊ တိုက်ပွဲဖြစ်တုန်းကလည်း ဒီဖက်မှာ ဘာမှမဖြစ်ဘူးဆိုတော့ စစ်ရှောင်တွေပါ ရှိနေတာ၊ အဲဒါ ကလေးတွေရော ဒဏ်ရာရသွားတယ်၊ တချို့ဆိုဒဏ်ရာပြင်းတယ်”လို့ ဒေသခံအမျိုး သားတဦးက DNA ကို ပြောပါတယ်။

ဒဏ်ရာရသူတွေထဲမှာ အသက် ၉ နှစ်နဲ့ ၁၇ နှစ်အရွယ် ကလေးငယ်နှစ်ဦး ပါ၀င်ပြီး အမျိုးသမီး လေးဦးလည်း ပါ၀င်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်‌ကောင်စီတပ်က လမ်းတွေ ပိတ်ထားပြီး ဆေးကုသမယ့်လူနာတွေပါ သွားလာခွင့်မပြုတာကြောင့် အဲဒီဒဏ်ရာရသူတွေကို ဒေသတွင်းမှာပဲ ဆေးကုသနေရတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းဗုံးလာကြဲတဲ့ ကျောက်ပြင်နဲ့ တောင်ဦးမော်ရွာတို့ဟာ ပေါက်တောမြစ်(ကျွဲကူးမြစ်)ရဲ့ တောင်ဘက်ကမ်း ပိန္နဲချောင်းကျွန်းမှာ တည်ရှိပြီး တိုက်ပွဲဖြစ်ပွားမှု လုံး၀မရှိခဲ့တဲ့ ရွာတွေဖြစ်ပါတယ်။

“စစ်တပ်က လူတွေကို တမင်တကာ လာသတ်နေကြတာ၊ တိုက်ပွဲပြီးသွားရင်လည်း မပြီးဘူး”လို့ ပေါက်တောဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

ပေါက်တောမြို့မှာ အခုရခိုင်‌ဒေသတကျော့ပြန်တိုက်ပွဲစပြီး ရက်ပိုင်းကတည်း က မြို့တွင်း နှစ်ဖက်တိုက်ပွဲတွေ ရှိနေခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၉ ရက်နေ့မှာတော့ AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း တိုက်ပွဲတွေ လုံး၀ မရှိတော့ပေမယ့် စစ်ကောင်စီတပ်ကတော့ စစ်တွေမြို့ကနေ လက်နက်ကြီးတွေနဲ့ မကြာခဏ လှမ်းပစ်တာတွေ လုပ်နေခဲ့တာပါ။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာပဲ AA  သိမ်းပိုက်ထားတဲ့ မင်းပြားမြို့နယ်ရှိ တုတ်ပင်လယ်ရွာထဲကိုလည်း စစ်ကောင် စီလေကြောင်းက ပစ်ခတ်တဲ့ လက်နက်တွေ ကျရောက်လို့ ရွာသား လေးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

အလားတူပဲ  ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညကလည်း AA က သိမ်းပိုက်ထားတဲ့ ကျောက်တောမြို့နယ် ပိုက်သည်ရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးလာကြဲခဲ့တာကြောင့် ရိုဟင်ဂျာ ခုနှစ်ဦးထက်မနည်း သေဆုံးကာ ကိုးဦး ဒဏ်ရာရခဲ့ပါတယ်။

လက်ရှိမှာ AA ဟာ ရခိုင်ပြည်နယ်အတွင်း ပေါက်တော၊ မြောက်ဦး၊ မင်းပြား။​ကျောက်​တော်။​မောင်​တော​မြို့နယ်​တောင်ပြိုမြို့နဲ့ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းယူ၊ ထိန်းချုပ်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ အဲဒီလက်လွှတ်ထားရတဲ့မြို့နယ်တွေကို  လေကြောင်းကနေ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေပြီး အရပ်သားတွေဦးတည်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။