ဖေဖော်ဝါရီ၊ ၁၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မင်းချောင်းတံတားနဲ့ ကျောက်တော်မြို့က ကစ္ဆပနဒီတံတားကိုရက္ခိုင့်တပ်တော် AA က မိုင်းခွဲဖျက်ဆီးလိုက်တယ်ဆိုတဲ့ သတင်းမှားတွေ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတာကို တွေ့ရှိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက မြို့ရွာ တပ်စခန်းအများအပြား လက်လွတ်ဆုံးရှုံးနေတဲ့အတွက် လူမျိုးရေးသွေးထိုးမှုတွေပြုလုပ်နေတဲ့အပြင် သတင်းမှားတွေကိုပါအခုလို ဖြန့်ဝေလာတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီလော်ဘီတယ်လီဂရန်ချန်နယ်ဖြစ်တဲ့ People Media က ဒီလ ၁၂ ရက်မှာ “ရခိုင်ပြည် နယ်၊ စစ်တွေမြို့အနီးရှိ အမြင့်ကျွန်းတံတားနဲ့ ကျောက်တော်မြို့က ကစ္ဆပနဒီတံတားတွေကို AA အဖွဲ့က မိုင်းခွဲဖျက်ဆီးလိုက်သည်”လို့ ရေးသားဖြန့်ဝေရာမှာ React ၈၂၁၊ Views ၅၉,၂၆၄၊ Shares ၇၈၊ Comment ၁၁၇ ခုထိရှိခဲ့ပြီး ပျံ့နှံ့နေတာကို တွေ့ရပါတယ်။
ဒါအပြင် စစ်ကောင်စီထောက်ခံတဲ့ ပြည်ချစ်သား PCT Page၊ Min Thein Facebook Account၊ တယ်လီဂရန်အကောင့်တွေဖြစ်တဲ့ Future Generation Media တွေကနေပြီး AA က တံတားတွေကို မိုင်းခွဲခဲ့တယ်လို့ ရေးသားဖြန့်ဝေခဲ့ပါတယ်။
စစ်ကောင်စီလော်ဘီ Snow Queen တယ်လီဂရန်ချန်နယ်ကနေ “စစ်တွေမြိုအနီးရှိ အမြင့်ကျွန်းတံတား နှင့် ကျောက်တော်မြိုနယ်ရှိ ကစ္ဆပနဒီတံတားကို AA အဖွဲ့က မိုင်းခွဲဖျက်ဆီးလိုက်ပါတယ်”လို့ရေးသားဖြန့်ဝေပြီး ၁၃မိနစ်အကြာမှာ ပြန်လည်ဖျက်ပစ်လိုက်ပါတယ်။
ဒါပေမဲ့ Phyo Lay တယ်လီဂရန်ကနေ ပြန်လည်မျှဝေထားကို သက်သေအထောက်အထားအဖြစ် DNA က စုဆောင်းနိုင်ခဲ့တာကို ဒီမှာ ကြည့်လို့ရပါတယ်။
Snow Queen ချန်နယ်က အဲ့ဒီလိုဖျက်ပြီးတာနဲ့ စစ်ကောင်စီက တံတားကို ဖျက်ဆီးခဲ့တာဖြစ်ကြောင်း ပြန်လည်ရေးသားထားတာကို ဒီမှာကြည့်နိုင်ပြီး Ko Chit(MDY) ကရေးသားထားတာနဲ့ စစ်သတင်း ချန်နယ်တို့က စစ်တပ် က AA သိမ်းပိုက်ထားတဲ့ ကစ္ဆပနဒီတံတားကို ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဝန်ခံရေးသားထားတာကိုဒီမှာနဲ့ ဒီမှာ ဖတ်ရှု နိုင်ပါတယ်။
အလားတူပဲ စစ်ကောင်စီထောက်ခံတဲ့ People Media Page ကနေ “AA နဲ့ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေစဥ် အတွင်း ရခိုင်ပြည်နယ်က တံတားနှစ်စင်းကို မြန်မာ့တပ်မတော်က ဖျက်ဆီးလိုက်” ဆိုပြီး ရေးထားတာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။
စစ်ကောင်စီဟာ AA ရဲ့ ထိုးစစ်တွေကို မခံနိုင်လို့ ကြည်း၊ ရေ၊ လေ တပ်စုပြီး ရတဲ့နည်းလမ်းတွေသုံးခုခံခဲ့ပေမဲ့ ကျရှုံးဆုတ်ခွာမှုများနေလို့ စစ်ရေးအရအရေးပါတဲ့ လမ်း၊ တံတားတွေနဲ့ ဆက်သွယ်ရေးတွေကိုဖြတ်တောက် ဖျက်ဆီးနေတာပါ။
အဲ့တာကို AA ကနေ တံတားတွေကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ သတင်းမှားဖြန့်ဝေနေတာကို DNA Fact Check အဖွဲ့က စိစစ်သိရှိခဲ့ရပါတယ်။
DNA Fact Check အဖွဲ့ကနေ အချက်လက်တွေကို ရှာဖွေစုဆောင်းတဲ့အခါမှာ စစ်ကောင်စီရဲ့ တယ်လီဂရန်လော်ဘီ ချန်နယ် အချို့မှာ ရက္ခိုင့် တပ်မတော် AA က အဲ့ဒီကစ္ဆပနဒီတံတားကို ဗုံးခွဲဖျက်ဆီးခဲ့တယ်လို့ရေးသားထားပါတယ်။
ဒါပေမဲ့ တခြားလော်ဘီချန်နယ်တွေမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ရေးသားထားတာကိုတွေ့ရှိခဲ့ရပါတယ််။
အဲ့ဒီလို ကွဲလွဲမှုတွေရှိနေတာကြောင့် အချက်လက်စစ်ဆေးကြည့်တဲ့အခါမှာ စစ်ကောင်စီတပ်က ကစ္ဆပနဒီတံတားကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုအကြောင်းအရာမှာအမှန်ဖြစ်နေပြီး ရက္ခိုင့်တပ်မတော် AAက ဗုံးဖောက်ခွဲဖျက်ဆီီးခဲ့တဲ့အကြောင်းအရာမှာ မှားယွင်းနေကာ သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။
DNA Fact Check အဖွဲ့ကနေ ကျောက်တော်ဒေသခံတဦးကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ “မြင်တဲ့အတိုင်းပဲ လေယာဉ်နဲ့ပစ် ခတ်ခဲ့တာပါ၊ ရခိုင်မှာ ရခိုင်ဒုက္ခရောက်အောင်လုပ်တာ တယောက်ပဲရှိတယ်၊ စစ်ကောင်စီလေ၊ သူတို့ဘယ်လိုလုပ်လုပ်အသိပညာရှိတယ်၊ ကိုယ့်အသိရှိတော့ ဘာမှမဖြစ်ပါဘူး၊ အတိုက်အခိုက်၊ လူမျိုးရေး၊ ဘာသာ ရေးပေါ့ ခံနိုင်ရမယ်၊ အဓိက ဦးနှောက်ရှိဖို့လိုတယ်၊ သူတို့လုပ်တဲ့ အလုပ်ကိုယ် သူတို့လုပ်တာ၊ အဲတာကသိပ်စဉ်စားစရာမလိုဘူးထင်တယ်၊ ကိုယ့်က သတိရှိဖို့လိုတယ်ပေါ့နော်” လို့ ဖြေကြားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက Dhaka Tribune သတင်းပေ့ချ်ကနေ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်း တံတား ၂ စင်းဖျက်ခဲ့တယ်လို့ ရေးတာကို ဒီမှာ ကြည့်နိုင်ပါတယ်။
စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာအနီးက မင်းချောင်းတံတားကို စစ်ကောင်စီမိုင်းခွဲခဲ့တယ်ဆိုပြီး DVB သတင်းဌာနက ရေးသားထားတာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။
ဒါ့အပြင် ရခိုင်ဒေသတွင်း မီဒီယာတွေဖြစ်တဲ့ Western News နဲ့ Narinjara တို့ကနေ စစ်ကောင်စီဟာ မင်းချောင်းတံတားကို မိုင်းခွဲခဲ့ပြီးတော့ ကစ္ဆပနဒီတံတားကို ဗုံးကြဲဖျက်ဆီးခဲ့တယ်ဆိုပြီး ရေးသားထားတာကို ဒီမှာ နဲ့ ဒီနေရာ တွေမှာ ဖတ်ရှုနိုင်ပါတယ်။
လွတ်လပ်တဲ့ မီဒီယာတွေဖြစ်တဲ့ Khit Thit Media၊ Ayeyarwaddy Times နဲ့ Delta News Agency (DNA)တို့ ကနေ တံတားတွေကို စစ်ကောင်စီဖျက်ဆီးခဲ့တယ်လို့ ရေးသားထားတာကို ဒီနေရာမှာ ၊ ဒီမှာ နဲ့ ဒီနေရာမှာ တွေမှာ ဖတ်လို့ရပါတယ်။
ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာတခုခုကို ပုံဖျက်ဖို့အတွက် သတင်းအမှားတွေ၊ သတင်းအတုတွေကိုရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလာကြတာရှိတဲ့အတွက် အလွယ်တကူမယုံကြည်ဖို့၊ ပြန်ပြီးမမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြုမေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
DNA Fact Check Team ကို ဒီနေရာ ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။
1 Trackback / Pingback
Comments are closed.