ဆီဆိုင်မှာ စစ်တပ်လက်ချက်ကြောင့် တပတ်အတွင်း အရပ်သား ၉ ဦးသေဆုံး ၁၂ ဦးဒဏ်ရာရ

ဖေဖော်ဝါရီ၊ ၁၄
 
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ စစ်ကောင်စီတပ်လက်ချက်ကြောင့် တပတ်အတွင်းမှာ အရပ်သား ၉ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အဖွဲ့က ထုတ်ပြန်ပါတယ်။
 
ဖေဖော်ဝါရီ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ တပတ်လောက်ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုအပြင် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
 
“စကစဘက်က လေကြောင်းနဲ့ လက်နက်ကြီး ဦးစားပေးတိုက်တာ တွေ့ရပါတယ်။ အရပ်သားထိခိုက်သေဆုံးမှုတွေက မြေပြင်မှာ ဒီထက်လည်း ပိုများနိုင်ပါတယ်” လို့ ပအိုဝ်းလူငယ်အဖွဲ့ ပြောခွင့်ရသူ ကိုခွန်ဦးလီလီ ကပြောပါတယ်။
 
စစ်ကောင်စီက တပတ်အတွင်း ဆီဆိုင်မြို့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုပေါင်း ၂၆၃ ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုတိုက်ခိုက်မှုပေါင်း ၃၁၁ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ ပအိုဝ်းလူငယ်အဖွဲ့က ဆိုပါတယ်။
 
အဲဒီပစ်ခတ်မှုတွေကြောင့် ဘာသာရေး အဆောက်အဦ ဆယ်နှစ်လုံး အပါအ၀င် အရပ်သားတွေ ပိုင်ဆိုင်တဲ့ နေအိမ် ၆၅ လုံး ထိခိုက်ပျက်ဆီးခဲ့တဲ့အပြင် ဒေသခံ ပြည်သူ ခုနှစ်ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
 
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့ကို စွန့်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေက ဆိုင်ခေါင်စံပြကျေးရွာရှိ ဇောတိကရာမကျောင်းနဲ့ အောင်သုခ ဘောလုံးကွင်းအတွင်းမှာ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။
 
တိုက်ပွဲတွေကြောင့် ဆီဆိုင်မြို့ရှိ ဒေသခံ ခုနှစ်သောင်းကျော်လောက်ဟာ တောင်ကြီးမြို့အပါအ၀င် တခြားနီးစပ်ရာ ဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိအချိန်အထိ နေရပ်ကို မပြန်နိုင်သေးဘူးလို့ သိရပါတယ်။
 
“စစ်ရှောင်တွေက အဓိကလိုအပ်နေတာ ရိက္ခာနဲ့ နေရာထိုင်ခင်းတွေပါ။ တိုက်ပွဲတွေကြောင့် မြို့ထိတာတော့ ရှိတယ်။ ဒီကနေ့ဆိုရင် ဟိုပုံးနဲ့ ဆီဆိုင်နယ်စပ်ဘက်မှာ ပိုဖြစ်တာများတယ်” လို့ ခွန်ဦးလီလီ ကပြောပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းမြို့ စံဖူးရွာမှာ ကားနဲ့ လက်နက်သယ်ဆောင်လာတဲ့ PNLA တပ်ဖွဲ့၀င်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့၀င်တွေကြား ပစ်ခတ်မှုဖြစ်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှု ရှိခဲ့သလို ရွာခံတွေရဲ့ နေအိမ် သုံးဆယ်နီးပါး မီးလောင်ခဲ့ပါသေးတယ်။
 
အဲဒီနောက် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ PNLA တပ်ဖွဲ့၀င်တွေ လှုပ်ရှားတဲ့ ဆီဆိုင်မြို့ နောင်ထော်ရွာကို စစ်တပ်က လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်နေ့ကစလို့ ဆီဆိုင်မြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ၀င်တွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ၀င်တိုက်ခဲ့တာပါ။
 
ဆီဆိုင်မြို့ကို လက်လွတ်ထားရတဲ့ စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်တာ မလုပ်နိုင်ပေမယ့် သူတို့လက်အောက်ခံ ပြည်သူစစ်တွေနဲ့ပူးပေါင်းပြီး ကျေးရွာတွေအတွင်း အတင်းအဓမ္မ စစ်သားသစ်စုဆောင်း လက်နက်တပ်ဆင်ပေးတာတွေ ပြုလုပ်နေပါတယ်။
 
လက်ရှိ ဆီဆိုင်မြို့တိုက်ပွဲတွေမှာ အဓိကပါ၀င်နေတဲ့ PNLA ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရဲ့ လက်နက်ကိုင်တပ်တခု ဖြစ်ပါတယ်။
 
ဓာတ်ပုံ – PNLA/Social Media
ပုံစာ – စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် မီးလောင်နေတဲ့ နေအိမ်အဆောက်အဦများ