ရမ်းဗြဲမြို့ကို စစ်ကောင်စီက တရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်တရာကျော်လုပ်

ဖေဖော်ဝါရီ၊ ၁၄
 
မြို့တွင်းတပ်စခန်း ဝင်တိုက်ခံနေရတဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ကို စစ်ကောင်စီတပ်က မနေ့က ဖေဖော်ဝါရီ ၁၃ ရက် တရက်တည်းအတွင်း လေကြောင်းကနေ အကြိမ်တရာကျော် လာရောက်တိုက်ခိုက်ခဲ့ပြီး လူနေအိမ်အများအပြား ထပ်မံပျက်စီးသွားခဲ့ရတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ဒေသခံတွေက ပြောကြပါတယ်။
 
“လေယာဉ်နဲ့ အများကြီးပဲ ပစ်တယ်၊ ဘယ်နှစ်ခေါက်မှန်းတောင် မရေနိုင်တော့ဘူး၊ မြစ်ထဲကရော ပစ်တယ်၊ မနက်ကတည်းက ညနေထိပစ်တာ၊ မြို့ထဲမှာ မီးလည်းထပ်လောင်တယ်” လို့ ရမ်းဗြဲမြို့အနီးမှာ နေထိုင်တဲ့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ မြို့ပေါ်ရပ်ကွက်နဲ့ အနီး၀န်းကျင်တွေကို ဂျက်ဖိုက်တာ၊ Y 12 ထောက်ပို့လေယာဉ်တို့နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး မြို့အနီး ကလိန်‌မြစ်ပေါ်ရှိ စစ်ရေယာဉ်ကနေလည်း လက်နက်ကြီးနဲ့ အကြိမ်ရာချီနီးပါး ပစ်ခတ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA)၊ ကိုးကန့် (MNDAA)၊ တအာင်း (TNLA) တို့ပါ၀င်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုပါတယ်။
 
ဒါ့အပြင် မြို့လယ် သိမ်တောင်ပေါ် အထိုင်ချထားတဲ့ တပ်စခန်းကနေလည်း လက်နက်ကြီးနဲ့ အကြိမ်ရှစ်ဆယ်နီးပါး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ကြည်း၊ ရေ‌၊ လေ တပြိုင်တည်း တိုက်ခိုက်ဗုံးကြဲတာကြောင့် ရမ်းဗြဲမြို့ပေါ်မှာ ကျန်နေသေးတဲ့ နေအိမ်တွေအများအပြား မီးထပ်လောင်ပျက်စီးခဲ့ရပြီး ဆယ်ချီရှိနိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
“အိမ် ခုနှစ်ဆယ်ရာခိုင်နှုန်းလောက်က မကျန်တော့ဘူး၊ အခုတခေါက်ပါ ထပ်လောင်တော့ ကုန်သလောက်ဖြစ်သွားပြီ” လို့ အထက်ပါ ရမ်းဗြဲဒေသခံက ပြောပါတယ်။
 
ဒါဟာ ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ ရမ်းဗြဲမြို့ကို တခုလုံးပျက်စီးသွားအောင် ဖျက်ဆီးနေတာလို့ စစ်ရေးနီးစပ်သူတွေနဲ့ ဒေသခံတွေက ဝေဖန်ကြပါတယ်။
 
“တိုက်ပွဲမဖြစ်တဲ့ရက်တွေမှာလည်း ဒီကောင်တွေက နေ့တိုင်းလို ဗုံးလာကြဲနေတာ၊ မြို့ကို ဖျက်ဆီးနေတာ” လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။
 
ညီနောင်သုံးဖွဲ့ကလည်း ရခိုင်ဒေသတိုက်ပွဲတွေမှာ နေ့တိုင်း အရှုံးပေါ်နေတဲ့ စစ်ကောင်စီဟာ မြို့တွေကို ဖျက်ဆီးနေတယ်လို့ မနေ့ညက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
 
စစ်ကောင်စီတပ်ဟာ ရမ်းဗြဲမြို့အပြင် ရမ်းဗြဲနဲ့ ကပ်ရပ်မှာ တည်ရှိတဲ့ ကျောက်ဖြူမြို့နယ် ငှက်ပျောချောင်းရွာအနီး ဝန်းကျင်နေရာတွေဆီလည်း လေကြောင်း‌ဗုံးကြဲခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ရမ်းဗြဲမြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချထားတဲ့ သိမ်တောင်စခန်းကို AA က ပြီးခဲ့တဲ့ ၂၀၂၃ ခု ဒီဇင်ဘာ ၁၈ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး အဲဒီနောက်ပိုင်း ရမ်းဗြဲမြို့တွင်း တိုက်ပွဲတွေ မကြာခဏ ရှိနေခဲ့တာပါ။
 
စစ်ကောင်စီတပ်ဟာ အဲဒီကတည်းကရမ်းဗြဲမြို့ကို ရေကြောင်း၊ လေကြောင်း အသုံးပြု တိုက်ခိုက်နေခဲ့တာဖြစ်ပြီး ဓါတုဗုံး သုံးတိုက်ခိုက်တာတွေပါ ရှိနေတယ်လို့ ဒေသခံတွေနဲ့ AA က ပြောထားပါတယ်။
 
ဒါ့အပြင် မြို့တွင်းတိုက်ပွဲ ဖြစ်ပွားနေခဲ့တဲ့ ပေါက်တောမြို့ကိုလည်း လေကြောင်း၊ ရေကြောင်းတို့ကနေ လက်နက်ကြီး ပစ်ခတ်၊ မီးရှို့တာတွေ ဆက်တိုက်လုပ်ခဲ့ပြီး စစ်ကောင်စီတပ်လက်ချက်ကြောင့် စျေးဆိုင်ခန်းနဲ့ လူနေအိမ် တထောင်ကျော် ပျက်စီးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
 
လက်ရှိမှာ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့နဲ့ ချင်း ပြည်နယ် ပလက်၀မြို့တို့ကို AA က သိမ်းပိုက်ထားပြီး မြို့သိမ်းခံရပြီးနောက်မှာလည်း လူနေရပ်ကွက်၊ ရွာတွေထဲ လေကြောင်းဗုံးကြဲတာတွေ ဆက်ရှိနေကာ ကလေးငယ် အပါအ၀င် သေဆုံးရသူ အများအပြားရှိခဲ့ပါတယ်။
 
လက်ရှိ AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရမ်းဗြဲမြို့နယ်အတွင်း စစ်ဘေးရှောင် သောင်းချီရှိနေပြီး စားနပ်ရိက္ခာ အခက်အခဲ၊ ဆေးဝါး ပြတ်လပ်မှုတို့နဲ့ ကြုံနေကြရကာ ဆေးကုခွင့်မရလို့ မသေသင့်ဘဲ သေဆုံးရသူ‌တွေလည်း ရှိနေတယ်လို့ ပြောကြပါတယ်။
 
“ကျောက်ဖြူဘက်ကို ဆေးကုသွားမယ်ဆိုရင်လည်း ထောက်ခံစာတွေ စာရွက်၊ စာတမ်းတွေနဲ့ ခုနှစ်ရက်၊ ရှစ်ရက်လောက် ကြိုတင်ရတယ်၊ အရေးပေါ်လူ‌နာတွေကျ အဆင်မပြေဘူးလေ” လို့ ‌ရမ်းဗြဲဒေသခံ စစ်ရှောင်အမျိုးသားတဦးက ပြောပါတယ်။
 
စစ်ကောင်စီဟာ ရခိုင်ဒေသတိုက်ပွဲတွေစတဲ့ လွန်ခဲ့တဲ့ သုံးလကတည်းက ရခိုင်ပြည်တွင်းလမ်းတွေအားလုံး ပိတ်ခဲ့ပြီး ကုန်စည်၊ ဆေးဝါး သယ်ယူခွင့်တွေ တားမြစ်ထားခဲ့တာပါ။
 
တိုက်ပွဲသုံးလကျော်အတွင်း ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး၊ ပစ်ခတ်မီးရှို့တာတွေကြောင့် စျေးဆိုင်ခန်း တထောင်ဝန်းကျင်နဲ့ လူနေအိမ်ထောင်ကျော်အထိ မီးလောင်ပျက်စီးခဲ့ရကာ စစ်ရှောင်ဘေး လေးသိန်း၀န်းကျင်အထိ ရှိလာခဲ့တယ်လို့ ဒေသခံတွေက ပြောထားကြပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီက ပစ်ခတ်တဲ့ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဖမ်းဆီး၊ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးရတဲ့ အရပ်သား တရာဝန်းကျင်နဲ့ ထိခိုက်ဒဏ်ရာရသူ သုံးရာနီးပါးအထိ ရှိခဲ့ပြီဖြစ်ပါတယ်။
 
ဓာတ်ပုံ – HDCO
ပုံစာ – ရမ်းဗြဲမြို့ပေါ်တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးနေတဲ့ အဆောက်အအုံများ