ရုရှားက ခေတ်မီ ဟိုက်ပါဆောနစ် ဒုံးကျည် အမျိုးအစားသစ်ကို ယူကရိန်းမှာ ပထမဆုံး လက်တွေ့ အသုံးပြု တိုက်ခိုက်

ဖေဖော်ဝါရီ၊ ၁၄

ရုရှားဟာ ပထမဆုံး အကြိမ်အဖြစ် မျိုးဆက်သစ် ဟိုက်ပါဆောနစ် ဒုံးကျည် အမျိုးအစား Zirconကို ယူကရိန်း စစ်မြေပြင်မှာ လက်တွေ့ အသုံးပြုခဲ့ကြောင်း ပညာရှင်တွေက ပြောပါတယ်။

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ အခြေစိုက် မှုခင်းပညာရပ်ဆိုင်ရာ သိပ္ပံနည်းကျ သုတေသနပြုမှု ဌာနက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရုရှားက ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေထဲမှာ Zircon အနည်းဆုံး တစင်း ပါလာနိုင်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

ဒုံးကျည် အပျက်အစီး အစိတ်အပိုင်းတွေကို စုစည်း ဆန်းစစ်ခဲ့တဲ့နောက် Zirconလို့ သတ်မှတ်ဖို့ ကိုက်ညီတဲ့ အထောက်အထားတွေကို တွေ့လာရတယ်လို့ ဌာနရဲ့ ပညာရှင် တဦးဖြစ်တဲ့ အိုလက်ခ်ဇန္ဒာ ရူဗင်က ပြောပါတယ်။

ရူဗင်က သူလေ့လာခွင့် ရခဲ့တဲ့ ဒုံးကျည် အပျက်အစီးဟာ 3M22လို့ ကုတ်ဒ်နံပါတ် သတ်မှတ်ထားတဲ့ Zirconရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတယ်လို့ ဆိုပါတယ်။ ကိယက်ဗ်ကို ပစ်မှတ်ထားခဲ့တဲ့ အဲဒီ ဒုံးကျည် တိုက်ခိုက်မှုမှာ လူ ၅ ဦးထက်မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

Zirconဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အပူတပြင်း အကောင်အထည် ဖော်နေတဲ့ ဟိုက်ပါဆောနစ် နည်းပညာသုံး စစ်လက်နက် စီမံကိန်းတွေရဲ့ အစိတ်အပိုင်း တခုလို့လည်း ဆိုနိုင်ပါတယ်။ ဟိုက်ပါဆောနစ် ဆိုတာဟာ အသံရဲ့ မြန်နှုန်းထက် အနည်းဆုံး ၅ ဆ ပိုမြန်အောင် ပျံသန်းနိုင်တာကို ရည်ညွှန်းတာပါ။

ရုရှားက Zirconတွေဟာ အသံထက် ၉ ဆပိုမြန်ပြီး မိုင်ပေါင်း ၆၉၀၀ လောက်ထိ ခရီးရောက်အောင် ပျံသန်းနိုင်ကြောင်း ကြွေးကြော်ထားပါတယ်။ ပူတင်က အဲဒီဒုံးကျည်ဟာ ပြိုင်ဘက်ကင်း စစ်လက်နက် တခုဖြစ်ပြီး ရန်သူ့ လေကြောင်း ကာကွယ်ရေး စနစ်တွေက လုံးဝနီးပါး ဟန့်တားနိုင်စွမ်း ရှိမှာ မဟုတ်ဘူးလို့လည်း ညွှန်းဆိုထားပါတယ်။

ရုရှားဟာ Zircon ဒုံးကျည်တွေကို Yasenအဆင့် ရေငုပ်သင်္ဘောတွေနဲ့ ဖရီးဂိတ် စစ်သင်္ဘော တစီးမှာ စတင် တပ်ဆင်ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

 

Ref: Business Insider