ခြောက်ရက်အတွင်း စစ်ကောင်စီစစ်ရေယာဥ် ၉ စီးကို AA တိုက်ခိုက်ချေမှုန်း

ဖေဖော်ဝါရီ၊ ၁၄
 
ခြောက်ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ရေယာဉ် ၉ စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ပါတယ်။
 
ဖေဖော်ဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ ခြောက်ရက်တာ ရေကြောင်းတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီရဲ့စစ်သင်္ဘော ၃ စီးနဲ့ ဇက်ရေယာဥ် ၂ စီးကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် တခြားစစ်ရေယာဥ် ၄ စီးမှာလည်း ရေချလို့မရနိုင်တော့တဲ့အထိ ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
 
အဲဒီထဲမှာ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက်နေ့ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး ရေကြောင်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၂ စီးနဲ့ ဇက်သင်္ဘော ၁ စီး သင်္ဘော စုစုပေါင်း ၃ စီးစလုံး မီးလောင်ပျက်စီးနစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
 
ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာလည်း မင်းပြားမြို့နယ်၊ ပုလဲပေါက် ကျေးရွာအနီး ရေကြောင်းတိုက်ပွဲမှာ မြစ်ကြောင်းတစ်လျှောက် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နှစ်ရှည်လများ ပစ်ခတ်ဒုက္ခပေးနေတဲ့ စစ်ကောင်စီသင်္ဘော ၁ စီးကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဖေဖော်ဝါရီလ ၁၃ ရက်ကလည်း မင်းပြားမြို့နယ်၊ သက်ပုန်းရွာ အနီး ရေကြောင်းတိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သင်္ဘော နောက်ထပ် ၁ စီးကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AAက ထုတ်ပြန်ပါတယ်။
 
ကမ်းရိုးတန်းဒေသ ရခိုင်တိုက်ပွဲတွေမှာ စစ်ကောင်စီဖက်က လေကြောင်း၊ ရေကြောင်းကပါ တိုက်ခိုက်နေတာ ဖြစ်ပေမယ့် အထိနာနေတာလည်း ဖြစ်ပါတယ်။
 
တကျော့ပြန်တိုက်ပွဲအတွင်းမှာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မောင်တောမြို့နယ် တောင်ပြိုမြို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထားပါတယ်။
 
လတ်တလောမှာလည်း ရမ်းဗြဲ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် စတဲ့ဒေသတွေမှာ AA က ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
 
ဓာတ်ပုံ – AA Info Desk